ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ရှိ SANYAN OUTDOOR အထည်ချုပ်စက်ရုံမှ အလုပ်သမား ရာနှင့်ချီသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒုတိယမြောက်ရက်အဖြစ် လုပ်ခလစာတိုးမြှင့်ပေးရန် ဆက်လက်တောင်းဆိုခဲ့ကြကြောင်း ရွှေပြည်သာမြို့နယ်အထည်ချုပ်အလုပ်သမားသမဂ္ဂ (SPTTGU) ထံမှ သိရသည်။ အလုပ်သမားများက ဒေးကြေး ၁၂,၅၀၀ ကျပ်နှင့် ရက်မှန်ကြေး၊ ဂရိတ်ကြေးများ တိုးမြှင့်ပေးရန် တောင်းဆိုနေကြသော်လည်း လုပ်ငန်းရှင်ဘက်က လိုက်လျောနိုင်ခြင်းမရှိကြောင်း ပြောကြားထားသည့်အပြင် ဆက်လက်တောင်းဆိုပါက အလုပ်မှထုတ်ပယ်မည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း အလုပ်သမားများဘက်က ဆိုသည်။ လက်ရှိတွင် စက်ရုံဘက်က အလုပ်မဆင်းသူများကို No Work / No Pay စနစ် ကျင့်သုံးမည်ဟု ထုတ်ပြန်ထားပြီး ညှိနှိုင်းမှုများမှာ အဆင်မပြေဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။


