တရုတ်အမျိုးသားအချို့က မြန်မာအမျိုးသမီးငယ်များကို ဆေးဘက်ဝင်သည်ဟူသော အယူအဆဖြင့် ဈေးကောင်းပေးဝယ်ယူနေမှုကြောင့် မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ လူကုန်ကူးရောင်းစားခံရမှုများ မြင့်တက်နေကြောင်း သတင်းရရှိသည်။ အသက် ၂၃ နှစ်အောက် အမျိုးသမီးငယ်တစ်ဦးလျှင် တရုတ်ယွမ် ၃ သောင်းမှ ၆ သောင်းအထိ ဈေးပေါက်နေပြီး၊ လူပွဲစားများသည် ဓာတ်ပုံနှင့် ဗီဒီယိုများပေးပို့ကာ ရွေးချယ်ခိုင်းခြင်း၊ ခိုးပေါက်များမှတစ်ဆင့် ပို့ဆောင်ခြင်းများ လုပ်ဆောင်နေကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် အလုပ်အကိုင်မြူဆွယ်မှုများနောက်သို့ ပါသွားပြီး တရုတ်နိုင်ငံအတွင်း ပိတ်လှောင်နှိပ်စက်ခံရခြင်းနှင့် အနှိပ်ခန်းများတွင် ဘဝဆုံးရခြင်းများ ရှိနေသဖြင့် အလုပ်အကိုင်အတွက် အဆင်ခြင်မဲ့ မသွားကြရန် အကူအညီပေးနေသူများက သတိပေးနှိုးဆော်ထားသည်။



