ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် အေးဂျင့် (Agent) တစ်ဦးထံ ကျပ်သိန်း ၆၀ ပေးသွင်းထားသော်လည်း သွားရောက်ရခြင်းမရှိသည့် ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးက ကြားဝင်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးက ၎င်း၏ခင်ပွန်း ဂျပန်သွားရန်အတွက် ၂၀၂၃ ခုနှစ်တွင် ငွေပေးသွင်းခဲ့ခြင်းဖြစ်ပြီး၊ ငွေကြေးလက်ခံခဲ့သည့် အေးဂျင့်အား ဖေဖော်ဝါရီ ၂၁ ရက်က ထိုင်းနိုင်ငံတွင် အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့သဖြင့် သံအရာရှိရုံးသို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ အလုပ်သမားသံမှူးနှင့်အဖွဲ့၏ ညှိနှိုင်းပေးမှုကြောင့် အေးဂျင့်ဖြစ်သူက ပေးသွင်းငွေများထဲမှ ကျပ် ၃၀ သိန်းနှင့်ညီမျှသော ဘတ်ငွေ ၂၄,၀၀၀ ကို ချက်ချင်းပေးချေခဲ့ပြီး ကျန်ရှိသည့် ၃၀ သိန်းကို လာမည့် မတ်လ ၂၀ ရက်တွင် ထပ်မံပေးချေရန် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။



