စင်ကာပူနိုင်ငံမှာ မိခင်ဖြစ်သူကို ဓားနဲ့ထောက်ပြီး သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အပြင် ရဲအရာရှိအယောင်ဆောင်ပြီး လိမ်လည်မှုတွေ ကျူးလွန်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဒီနေ့မှာပဲ ထောင်ဒဏ် ၃ နှစ်နဲ့ ၁၁ လ၊ ကြိမ်ဒဏ် ၆ ချက်နဲ့ ငွေဒဏ် ၂,၃၀၀ ဒေါ်လာ ချမှတ်လိုက်ပါတယ်။ ဒီအမျိုးသားဟာ ငွေလိမ်မှုအပါအဝင် တခြားအမှုတွေနဲ့ အာမခံယူထားချိန်မှာတင် သူ့ကို အာမခံပေးထားတဲ့ အသက် ၆၇ နှစ်အရွယ် မိခင်ရင်းကို ဓားနဲ့ချိန်ပြီး ရန်ရှာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တုန်းက ရုံးချိန်းလိုက်မလားလို့ မေးရာကနေ မိခင်ဖြစ်သူက ငြင်းဆိုပြီး မနေ့ကပေးထားတဲ့ ဒေါ်လာ ၁၀၀ ပြန်တောင်းတာကို ဒေါသထွက်ကာ မီးဖိုချောင်ထဲက ဓားနဲ့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ မိခင်က သူ့ရဲ့ နောက်ထပ်သားတစ်ဦးဆီ စာပို့အကြောင်းကြားနိုင်ခဲ့လို့သာ ရဲတပ်ဖွဲ့က အချိန်မီ လာရောက်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါသည်။



