မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူနိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ကာ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ၉ နှစ်အတွင်း စိုက်ပျိုးစရိတ် နှစ်ဆင့်ချေးငွေဖြင့် ငွေကျပ်သန်းပေါင်း ၂၃,၀၀၀ ကျော် ထုတ်ချေးပေးထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ချေးငွေများကို လယ်ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက်များနှင့် အခြား လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်ရန် ထုတ်ချေးပေးခြင်းဖြစ်ပြီး တောင်သူများလိုအပ်သည့် စက်အမျိုးအစားအလိုက် ဝယ်ယူနိုင်စေရန် လယ်ယာသုံးစက်ကိရိယာ ရောင်းချသည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ထို့ပြင် စိုက်ပျိုးစရိတ် နှစ်ဆင့်ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာ ဝယ်ယူလိုသော တောင်သူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး လိုအပ်သော စာရွက်စာတမ်းများနှင့် ထောက်ခံချက်များကို ပြည့်စုံစွာ တင်ပြ၍ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဘဏ်ခွဲများသို့ သွားရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။



