တရုတ်လျှပ်စစ်ကားအမှတ်တံဆိပ် Zeekr သည် ကြာသပတေးနေ့မှစတင်၍ အီတလီဈေးကွက်သို့ ဝင်ရောက်တော့မည်ဟု ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ယင်းသည် ဥရောပတွင် ကုမ္ပဏီမှ မိတ်ဆက်ခဲ့သည့် ထုတ်ကုန်များစွာထဲမှ နောက်ဆုံးထုတ်ကုန်ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြခဲ့သည်။ Zeekr သည် အကြီးစားမော်တော်ယာဉ်ထုတ်လုပ်ရေးအုပ်စု Geely Holding Group က အပြည့်အဝ ပိုင် ဆိုင်သည့် လုပ်ငန်းခွဲဖြစ်ပြီး ၎င်း၏ EV မော်ဒယ် ၄ မျိုးကို စတင်ပို့ဆောင်မည်ဖြစ်သလို နွေဦးရာသီအတွင်း လက်လီရောင်းချရေးစင်တာများဖွင့်လှစ်မည်ဟု ၎င်း၏ဖြန့်ချိရေးမိတ်ဖက် Jameel Motors နှင့်အတူ ပြောကြားခဲ့ သည်။အီတလီကို အမှတ်တံဆိပ်များ ဥရောပထိုးဖောက်ရာတွင် “အရေးပါသောဈေးကွက်” ဟု ခေါ်ဆိုကြပြီး Zeekr Europe ၏ ယာယီ CEO ဖြစ်သည့် လိုသာဆူချူပပ်က ယခုဝင်ရောက်ချိန်သည် ပရီမီယမ် EV များအား ဝယ်လိုအားလျင်မြန်စွာ တိုးတက်လာနေခြင်းနှင့် လျှပ်စစ်အားသွင်းစနစ်အတွက် ဆက်လက်ရင်းနှီးမြှုပ်နှံ နေချိန် နှင့် တိုက်ဆိုင်နေကြောင်း ပြောကြားခဲ့သည်။ကားများ၏ ဈေးနှုန်းမှာ မော်ဒယ်နှင့် ပရီမီယံပေါ် မူတည်၍ ယူရို ၃၈၀၀၀ မှ ၇၃,၀၀၀ (ဒေါ်လာ ၄၄,၆၈၀ မှ ၈၅,၈၃၃) အထိရှိပြီး ယင်းအမှတ်တံဆိပ်သည် ဂျာမနီ၌ ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့ပြီး ဆွီဒင်၊ နော်ဝေး၊ ဒိန်း မတ်၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန် စသည့်နိုင်ငံများတွင်လည်း ရောင်းချနေပြီ ဖြစ်သည်။၂၀၂၆ ခုနှစ်တွင် ပြင်သစ်၊ ဗြိတိန်နှင့် စပိန်တို့ အပါအဝင် ဥရောပဈေးကွက်များထဲသို့ ဆက်လက်တိုးချဲ့ရန် စီစဉ်ထားကြောင်း ဆူချူပပ်က Reuters သို့ ဇန်နဝါရီလအတွင်းက ပြောကြားခဲ့သည်။ BYD ၏ အနီးကပ်ဆုံး တရုတ်ပြိုင်ဘက် Geely သည် ၂၀၃၀ အရောက် ကမ္ဘာတစ်ဝန်း ကုမ္ပဏီထုတ် မော်တော်ကားရောင်းချမှု ၆.၅ သန်းကျော် ရရှိရန် ရည်မှန်းထားရာ ယင်းရည်မှန်းချက်သည် ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် ကမ္ဘာ့ကားလောက၏ ထိပ်တန်းကားထုတ်လုပ်သူ ၅ ဦးအတွင်း ဝင်ရောက်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ဇန်နဝါရီလက ပြောကြားခဲ့သည်။



