ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Lumpinee အားကစားရုံတွင် ယမန်နေ့ညက ကျင်းပခဲ့သည့် ONE Friday Fights 143 ပြိုင်ပွဲ၌ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ပြိုင်ဘက် အစ္စရေးဖိုက်တာ ရှီယာကိုဟင်ကို အနိုင်ရခဲ့သည်။ အဆိုပွဲစဉ်သည် ပြိုင်ပွဲ၏ ဒုတိယခေါင်ပွဲအဖြစ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရသော အရေးကြီး ပွဲစဉ်တပွဲဖြစ်သည်နှင့်အညီ ကစားသမားနှစ်ဦးလုံး အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီး သုံးချီပြည့်သည်ထိ အနိုင်အရှုံးရလဒ် မထွက်သောကြောင့် အမှတ်ပေးဒိုင်များ၏ အဆုံးအဖြတ်ဖြင့် ဘရော်နီကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘရော်နီကာသည် ယခုနောက်ဆုံး ပွဲစဉ်မတိုင်မီ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာလက်ဝှေ့သမားများကို သွားရောက်အားပေးခဲ့ရာမှ ပရိသတ်တချို့၏ ဝေဖန်ပြောဆိုမှုခံခဲ့ရသည်။



