မြောက်ကိုရီးယားနိုင်ငံ၏ လက်ရှိအာဏာရအလုပ်သမားပါတီသည် န၀မအကြိမ်မြောက် ပါတီ ညီလာခံကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။အလုပ်သမားပါတီ၏ န၀မအကြိမ်မြောက်ပါတီညီလာခံဖွင့်ပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် တက်ရောက်ခဲ့ပြီးအဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အဓိကစီးပွားရေး ရည်မှန်း ချက်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ပါတီညီလာခံ ဖွင့်ပွဲမိန့်ခွန်းတွင် ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ငါးနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင်လည်း အပြောင်းအလဲများပြုလုပ်နိုင်ခဲ့ကြောင်း ကင်ဂျုံအန်းက သုံးသပ်ခဲ့သည်။ကင်ဂျုံအန်း၏ အလုပ်သမားပါတီ ညီလာခံဖွင့်ပွဲမိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို ရည်ညွှန်းထည့်သွင်းခြင်းမျိုးမရှိခဲ့သလို မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ်များကိုလည်း ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။
ပါတီကိုယ်စားလှယ် ၅,၀၀၀ အထိ တက်ရောက်နေသော အလုပ်သမားပါတီညီလာခံတွင် နောင်လာမည့် ငါးနှစ်အတွက် စီးပွားရေးနှင့်စစ်ရေးရည်မှန်းချက်များ၊ စီမံချက်များကို ချမှတ်မည်ဖြစ်သည်။



