တီဘီရောဂါကို ကုသရာ၌ လပေါင်းများစွာ နေ့စဉ်သောက်ရတဲ့ ဆေးပြားတွေအစား အဆုတ်ထဲမှာ ဆေးအာနိသင်ကြာရှည်အောင် ထိန်းထားပေးနိုင်မယ့် အသက်ရှူလမ်းကြောင်းကနေ ကုသနိုင်တဲ့ နာနိုအမှုန် ကုသမှုပုံစံအသစ်တစ်ခုကို သုတေသီတွေက တီထွင်လိုက်တယ်လို့ သိရပါတယ်။ဘာဖလိုတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ ဒီကုထုံးသစ်နဲ့ပတ်သက်တဲ့ သုတေသနရလဒ်တွေကို Antimicrobial Agents and Chemotherapy ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဒီနည်းလမ်းဟာ တီဘီရောဂါကုသရာမှာ အရေးပါတဲ့ Rifampin ဆေးကို အဆုတ်ထဲ တိုက်ရိုက်ရောက်စေဖို့ နာနိုအမှုန်စနစ်ကို အသုံးပြုထားတာဖြစ်တယ်လို့ အဆိုပါ ဂျာနယ်မှာ ဖော်ပြထားပါတယ်။Rifampin ဆေးကို ပါးစပ်မှတဆင့် သောက်သုံးတာဟာ အသည်းထိခိုက်စေသလို အဆုတ်ထဲကိုလည်း ဆေးအနည်းငယ်ပဲရောက်နိုင်ပြီး ယခုနည်းလမ်းကတော့ ဒီ နာနိုအမှုန်တွေကို တီဘီပိုးတွေပုန်းအောင်းနေတဲ့ အဆုတ်ထဲထိ တိုက်ရိုက်ရောက်အောင် ဖန်တီးထားတာကြောင့် ဆေးအာနိသင်ကို ကြာရှည်စေတယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။ တီဘီရောဂါဟာ ကုသလို့ရပေမယ့် ကမ္ဘာမှာ အသေအပျောက်အများဆုံး ရောဂါတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ကုသမှုကာလ ကြာမြင့်တာနဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် လူနာတွေဟာ ဆေးကိုအဆုံးထိ မသောက်နိုင်ကြဘဲ ဆေးယဉ်ပါးတီဘီတွေ ဖြစ်လာတတ်တယ်လို့ ပညာရှင်များက ပြောကြားထားကြပါတယ်။



