ဂျပန်မြောက်ပိုင်းက မြို့တစ်မြို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတစ်ခုမှာ လန်ကွတ်တီပဲဝတ်ဆင်ထားတဲ့ အမျိုးသားတွေက ဘေးဝဲယာမှာ နှင်းတွေထူထူထဲထဲ စုပုံနေတဲ့ လမ်းပေါ်မှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ အင်္ဂါနေ့က Aomori ခရိုင် Hirosaki မြို့၊ Onizawa အရပ်က Shinto ဘာသာ နတ်ဘုရားကျောင်းတစ်ခုမှာ ရိုးရာဓလေ့ဖြစ်တဲ့ "hadaka mairi" တစ်နည်းအားဖြင့် "အဝတ်မပါဘဲ ဝတ်ပြုခြင်း" အတွက် အဝတ်ဗလာနီးပါးနဲ့ အမျိုးသား ၃၇ ဦး စုဝေးခဲ့ကြပါတယ်။ နတ်ဘုရားကျောင်းဝင်းထဲမှာ မိမိကိုယ်ကိုယ်သန့်စင်မှု ထုံးတမ်းစဉ်လာနဲ့အညီ ရေအပြည့်နဲ့ သစ်သားကန်တွေထဲကို ဝင်စိမ်ခဲ့ကြပါတယ်။ အေးခဲမတတ် အနေအထားကြားမှာ သူတို့က အံကြိတ်ရင်း အကြိမ်ကြိမ် ရေစိမ်ခဲ့ကြပါတယ်။ Tokyo က အမျိုးသားတစ်ဦးက ကြည့်နေရုံမဟုတ်ဘဲ ဒီပွဲမှာ တတိယအကြိမ်မြောက်အဖြစ်ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။



