ရန်ကုန်မြစ်အတွင်း အပျော်စီးခရီးစဉ်အဖြစ်ပြေးဆွဲနေသော သင်္ဘောများမှာ ယခုနောက်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုဘက်သို့ ခရီးစဉ်လမ်းကြောင်းတိုးချဲ့၍ ပြေးဆွဲမှုများရှိနေကြောင်း အဆိုပါသင်္ဘောခရီးစဉ် ဝန်ဆောင်သူများထံမှ သိရသည်။ယခင်က ပုံမှန်အားဖြင့် စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးပိတ်ရက်မျိုးတွင် ညနေပိုင်း၌ အပျော်စီးခရီးစဉ် လမ်းကြောင်းကို ရန်ကုန်မြစ်အတွင်း ပင်လယ်၀အထိပြေးဆွဲခဲ့ကြောင်း၊ ယခုအခါ နံနက်ပိုင်းခရီးစဉ်အဖြစ် ဆိပ်ကြီးခနောင်တိုလမ်းကြောင်း ဘက်သို့ ခရီးစဉ်တိုးချဲ့ပြေးဆွဲပေးပြီး လွန်ခဲ့သော ပိတ်ရက်အတွင်း တနင်္ဂနွေနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၅ ရက်က ကနဦးခရီးစဉ်သစ်ကို စတင်ပြေးဆွဲခဲ့ကြောင်းလည်း သိရသည်။
ထိုခရီးစဉ်ကို လွန်ခဲ့သော ဖေဖော်ဝါရီ ၁၅ ရက်က စတင်ပြေးဆွဲခဲ့ကြဖူးပြီး ယခုတစ်ပတ်တွင်လည်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြေးဆွဲမည်ဖြစ်သလို ဗိုလ်တထောင်ဆိပ်ကမ်းမှ ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ဒလတံတားအောက်မှ ဖြတ်သန်းမည် ဖြစ်ကြောင်း၊ ထို့နောက် တွံတေးတူးမြောင်းဘက်သို့ ချိုးဝင်ကာ ဆိပ်ကြီးခနောင်တိုဘက်သို့ ပြေးဆွဲမည့် ခရီးစဉ်လည်းဖြစ်ကြောင်း၊ ညနေပိုင်းအပျော်စီးသင်္ဘောခရီးစဉ်များကို စီးချင်သော်လည်း အိမ်ပြန်နောက်ကျမည်ကို စိုးရိမ်သူများအတွက်လည်း ရည်ရွယ်ထားပြီး စတင်ထွက်ခွာသော နံနက် ၉နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲနှင့် ၁ နာရီကြားတွင် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။စီးနင်းခအဖြစ် တစ်ဦးလျှင် လူကြီး(ပြည်တွင်း) ၃၅,၀၀၀ ကျပ် ၊ အသက် ၄ နှစ်မှ ၁၁ နှစ်ကြားအရွယ် ကလေး(ပြည်တွင်း) ၂၅,၀၀၀ ကျပ် စသည်ဖြင့် သတ်မှတ်ထားပြီး သင်္ဘောပေါ်တွင် အဆာပြေအဖြစ် လူမျိုးဘာသာမရွေး စားသုံးနိုင်မည့် မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများကို ကျွေးမွေးမည်ဟု သိရသည်။
ရန်ကုန်မြို့တွင် ယခင်က Yangon Water Bus ဖြင့် ညနေခင်း မြစ်အတွင်းရှုခင်းကြည့်ရှုသည့်ခရီးစဉ်များ၊ တွံတေးခရီးစဉ်များကို ပြေးဆွဲခဲ့ဖူးပြီး ကျသင့်သော သင်္ဘောစီးနင်းခစျေးနှုန်းမှာ လူတိုင်းလက်လှမ်းမီသော အနေအထားမျိုး ဖြစ်ခြင်းကြောင့် လိုက်ပါစီးနင်းသူအများအပြားရှိခဲ့ဖူးသည်။ ထိုသို့ စီးနင်းသူများမှ တောင်းဆိုမှုကြောင့် ကျောက်တန်း ကျိုက်မှော်ဝန်းဘုရားဘက်ခရီးစဉ်ကိုပါ တိုးချဲ့စီစဉ်ဖူးသော်လည်း နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နောက်ပိုင်းတွင် ခရီးစဉ်အားလုံးကို ပြေးဆွဲမှုရပ်ဆိုင်းခဲ့ကြောင်း သိရသည်။



