ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားဒေသတွင် ယခု တစ်ပတ်အတွင်း နှင်းရိုက်မှုကြောင့် အာလူးစိုက်ခင်းများ ဧကတစ်ထောင်ကျော် ပျက်စီးသွားခဲ့ပြီး ဒေသခံတောင်သူများ အရင်း ပြန်မရဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။လက်ရှိ ရာသီအတွင်း အာလူး စိုက်ပျိုးမှုများကို ရေသွင်းစနစ် အသုံးပြုရသဖြင့် စိုက်စရိတ်များ မြင့်မားနေချိန်တွင် နှင်းရိုက်မှုကြောင့် အာလူးခင်းများ ပျက်စီးသွားခြင်းက တောင်သူများအတွက် ထိခိုက်နစ်နာမှု ပိုမို ကြီးမားစေခဲ့သည်။ဒေသခံများ၏ ပြောကြားချက်အရ နောင်တရားဒေသတွင် အာလူးကို တစ်နှစ်လျှင် တစ်ကြိမ်မှ ၂ ကြိမ်အထိ စိုက်ပျိုးကြပြီး ပုံမှန် အခြေအနေတွင် တစ်ဧကလျှင် ပျမ်းမျှ တန်ချိန် ၈ တန် မှ ၁၀ တန်ခန့် ထွက်ရှိနိုင်သည်ဟု သိရသည်။ ယခုနှစ်တွင် နှင်းရိုက်မှုကြောင့် အထွက်နှုန်းများ လုံးဝ ပျက်စီးသွားသည့် အခင်းများစွာ ရှိနေကြောင်း ဒေသခံများက ဆိုသည်။ယင်းနှင်းရိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများသည် နောင်တရားဒေသရှိ အာလူးစိုက် တောင်သူများ၏ စားဝတ်နေရေးသာမက လာမည့် စိုက်ပျိုးရေးရာသီများ အပေါ်ပါ သက်ရောက်မှု ရှိလာနိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။



