ရုရှား မော်စကိုက ကိယက်ဗ့်ကို တိုက်ခိုက်နေသော လေးနှစ်နီးပါးကြာ စစ်ပွဲအတွက် ဆုံးဖြတ်ချက်တစ်ခုရရှိရန် ကြိုးပမ်းရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အပေါ် မတန်တဆဖိအားပေးနေသည်ဟု ယူကရိန်း သမ္မတ ဗိုလိုဒိုမြာဇီလင်စကီးက ပြောခဲ့ကြောင်း Reuters သတင်းက ဖော်ပြခဲ့သည်။ အင်္ဂါနေ့ (ဖေဖော်ဝါရီ ၁၇) တွင်ထုတ်ဝေသည့် အမေရိကန်သတင်းဝက်ဘ်ဆိုက် Axios နှင့် တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ဇီလန်စကီးက အရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသအတွင်း ရုရှားက မသိမ်းပိုက်ရသေးသော မြေယာများကိုပါ စွန့်လွှတ်ရမည့် အစီအစဉ်မျိုးကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တင်လာပါက ယူကရိန်းပြည် သူများက ပယ်ချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအစီအစဥ်အတွက် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းကမ်းချက်များကို စေ့စပ်ညှိနှိုင်းရာတွင် အ လျော့ပေးရန် ယူကရိန်းကိုသာ လူသိရှင်ကြား အကြိမ်ကြိမ် တောင်းဆိုနေပြီး ရုရှားကို မတောင်းဆို ခြင်းမှာ “မျှတမှုမရှိ” ဟု ဇီလင်စကီး၏စကားကို ကိုးကား၍ Axios မှ ဖော်ပြခဲ့သည်။
ထရမ့်က ဆွေးနွေးမှုများ အောင်မြင်စေရန် ယူကရိန်းနှင့် ဇီလန်စကီးတို့အပေါ် မူတည်ကြောင်း မကြာသေးမီရက်များအတွင်း နှစ်ကြိမ်တိုင်တိုင် ပြောဆိုခဲ့သည်။
“ယူကရိန်းအနေနဲ့ ဆွေးနွေးပွဲ စားပွဲပေါ်ကို အမြန်ဆုံး လာရပါမယ်။ ဒါပဲ ကျွန်တော် ပြောချင်တာပါ” ဟု ထရမ့်က တနင်္လာနေ့တွင် Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ Axios အရ ဇီလန်စကီးက ရုရှားထက် ယူကရိန်းကို ဖိအားပေးခြင်းက ပိုလွယ်ကူနိုင်လိုဟု မှတ်ချက်ပြု ခဲ့သည်
သူက ထရမ့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအတွက် ထပ်မံ ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး၊ အမေရိကန် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်စတိဗ် ဝှစ်ကော့ဖ်နှင့် သမ္မတ၏ သားမက် ဂျာရက် ကူရှနာတို့နှင့် ဆွေးနွေး ရာတွင် အလားတူ ဖိအားမျိုး မကြုံတွေ့ခဲ့ရကြောင်းလည်း Axios ကို ပြောကြားခဲ့သည်။ ဇီလန်စကီက Axios သို့ပြောရာတွင် ဒွန်ဘတ်စ်ဒေသ၏ ခန့်မှန်းခြေအားဖြင့် ၈၈ ရာခိုင်နှုန်းခန့်ကို ရုရှားက ထိန်းချုပ်ထားမှုကို ထည့်သွင်းစဉ်းစားပြီး ဆန္ဒခံယူပွဲ၌ ဒေသတစ်ခုလုံးကို လွှဲပေးရန် တောင်းဆိုပါက ယူကရိန်း မဲဆန္ဒရှင်များက လက်ခံကြလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။



