ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ သံလွင်တံတား (ဖားဆောင်း) ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းက မိုင်းခွဲ ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။တံတားပျက်စီးမှုဟာ ဖားဆောင်းမြို့နယ်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး လုံခြုံရေးအရ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး တံတားပေါ် ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။သံလွင်မြစ်ကူးတံတား (ဖားဆောင်း) ဟာ သံလွင်မြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို ဆက်သွယ်ထားတာဖြစ်ပြီး လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို - ဘောလခဲ - ဖားဆောင်းကတဆင့် နယ်စပ်မြို့ မယ်စဲ့အထိ ပေါက်ရောက်တဲ့ အဓိက ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာ တည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။အဲဒီတံတားဟာ ဖားဆောင်း - မယ်စဲ့က ဒေသခံတွေ အဓိက သွားလာ အသုံးပြုတဲ့ တံတားတစင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ကာ တံတားအရှည် ၁၂၆ဝ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိပြီး သံမဏိသံပေါင်တံတား အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။



