ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်ရှိ မာရ်အောင်မြင် ပြည်တော်ပြန်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။အဆိုပါ ပွဲတော်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။မာရ်အောင်မြင်ပြည်တော်ပြန်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၉ ရက်မှ တပေါင်း လပြည့်ကျော် ၁ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာပူဇာ အစီအစဉ်များအပြင် ပျော်ပွဲရွှင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ပွဲတော်ကာလအတွင်း ဓမ္မပူဇာအနေဖြင့် အကြိုတရားပွဲများကျင်းပပြီး ဗုဒ္ဓပူဇာအနေဖြင့် ပြည်တော်ပြန်ဘုရားကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေသားမျက်နှာကြက် ကပ်လှူခြင်း၊ ဆွမ်းဦးကပ်လှူပူဇော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး သံဃာပူဇာအနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။



