ဂျပန်ရှိ လက်ယာစွန်း အင်အားစုတွေက စစ်ဝါဒပြန်လည် အသက်သွင်းရေး ကြိုးပမ်းနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ပြီးနောက် တရုတ်ကို သံတမန်ရေး လမ်းကြောင်းကတဆင့် ပြင်းပြင်းထန်ထန် ကန့်ကွက် သတိပေးထားကြောင်း တိုကျို အစိုးရက ပြောလိုက်ပါတယ်။ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ မြူးနစ် လုံခြုံရေး ညီလာခံအတွင်း ဝန်ကြီး ဝမ်ယိက တိုကျိုနဲ့ ဘေဂျင်းရဲ့ လက်ရှိ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ချိန်ထိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ထိုင်ဝမ်နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် တာကာအိချီရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တရုတ်နဲ့ဂျပန် နှစ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပါတယ်။ဂျပန် ပြည်သူတွေအနေနဲ့ လက်ယာစွန်း အင်အားစုတွေ ဒါမှမဟုတ် စစ်ဝါဒ ပြန် အသက်သွင်းဖို့ ကြိုးပမ်းနေသူတွေရဲ့ ထိန်းချုပ်ခြယ်လှယ်နေတာကို လုံးဝ မခံသင့်တော့ဘူးလို့ ဝမ်ယိက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်အနေနဲ့ ဒီလမ်းကြောင်းအတိုင်း ပြန်လျှောက်လှမ်းမယ်ဆိုရင် ကိုယ့်ကိုယ်ကို ဖျက်ဆီးမှုဆီ ဦးတည်သွားမှာပဲ ဆိုတဲ့ သတင်းစကားကို ငြိမ်းချမ်းရေး ချစ်မြတ်နိုးတဲ့ နိုင်ငံအားလုံးက ရှင်းရှင်းလင်းလင်း ပေးပို့သင့်တယ်လို့ ဝမ်ယိက ပြောပါတယ်။အဲဒီ မှတ်ချက်တွေဟာ မမှန်ကန်တဲ့၊ အခြေအမြစ် မရှိတဲ့ ပြောဆိုမှုတွေ ဖြစ်တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန် ကန့်ကွက်ထားပါတယ်။ဂျပန်အနေနဲ့ စစ်အင်အား တိုးမြှင့်ရတာဟာ ပြင်းထန်လာနေတဲ့ လုံခြုံရေး အခြေအနေကြောင့် ဖြစ်ပြီး ဘယ်လို တတိယ နိုင်ငံမျိုးကိုမှ ရည်ရွယ်တာ မဟုတ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့ အပြုအမူမျိုးနဲ့ စစ်အင်အားတိုးမြှင့်နေတဲ့ နိုင်ငံတွေ ရှိကြောင်းလည်း ဂျပန်က ပြောပါတယ်။
တာကာအိချီ ဝန်ကြီးချုပ် ဖြစ်လာပြီး မကြာခင်မှာပဲ သူက ထိုင်ဝမ် တိုက်ခိုက်ခံရရင် ဂျပန်လည်း စစ်ရေးအရ ပါဝင်ရနိုင်တယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။



