ဈေးကွက်ထဲမှာ နာမည်ကြီး Brand တွေဝယ်ရင် သတိထားရတော့မှာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အတွင်းမှာတင် ထိုင်းအကောက်ခွန်အရာရှိတွေက ဘတ် ၂၂၃ သန်းလောက် တန်ကြေးရှိတဲ့ အတုအပနဲ့ စံမမီတဲ့ ကုန်ပစ္စည်းပေါင်း ၄၂,၀၀၀ ကျော်ကို ဖ-မ်းဆီးရမိခဲ့ပါတယ်။ဒီစစ်ဆင်ရေးမှာ ဉာဏမူပိုင်ခွင့်ဦးစီးဌာန၊ အကောက်ခွန်နဲ့ ထိုင်းစက်မှုစံချိန်စံညွှန်းအဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။ ဖ-မ်းဆီးရမိတဲ့အထဲမှာ အများဆုံးကတော့ လူကြိုက်များတဲ့ Louis Vuitton, Dior, Gucci, Prada နဲ့ Balenciaga စတဲ့ နာမည်ကြီး တံဆိပ်တွေကပ်ထားတဲ့ အိတ်တွေ၊ ဖိနပ်တွေ၊ နာရီတွေနဲ့ ရေမွှေး အတုတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကားအပိုပစ္စည်းတွေနဲ့ နေရောင်ခြည်သုံး မီးအိမ်တွေလို စံမမီတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။
အစိုးရပြောရေးဆိုခွင့်ရှိသူ Aiyarin Phanrit ရဲ့ ပြောကြားချက်အရ အာဏာပိုင်တွေက မူပိုင်ခွင့်ချိုးဖောက်မှုတွေကို အခုနောက်ပိုင်း ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်ကနေ ဒီနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့အထိဆိုရင် ကုန်အမှတ်တံဆိပ်နဲ့ မူပိုင်ခွင့်ချိုးဖောက်မှုပေါင်း ၃၈ မှုအထိ အရေးယူခဲ့ပြီး ခန့်မှန်းခြေ ဆုံးရှုံးမှုတန်ဖိုးကတော့ ဘတ် ၈၈၅ သန်းကျော်အထိ ရှိနေပြီပဲ ဖြစ်ပါတယ်။



