back

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်တွင် ကြိမ်၊ ဝါး လက်မှုအချောထည် ပစ္စည်းအမျိုးအစား (၇၀၀) ကျော်ထုတ်လုပ်၍ ပြည်ပသို့ ၉၀ ရာခိုင်နှုန်း ရောင်းချနေရ

Feb 15 • 3:23 AM

breaking-news

Myanmar

Ayeyarwady

breaking-news
cover

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်တွင် ကြိမ်၊ ဝါး လက်မှုအချောထည် ပစ္စည်းအမျိုးအစား (၇၀၀) ကျော်ထုတ်လုပ်၍ ပြည်ပသို့ ၉၀ ရာခိုင်နှုန်း ရောင်းချနေရ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ရှိ ကြိမ်၊ ဝါး လက်မှုအချောထည်လုပ်ငန်းများကို လုပ်သားအင်အား (၂၅၀၀) ကျော်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ကြိမ်၊ ဝါးလက်မှုအခ...

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ရှိ ကြိမ်၊ ဝါး လက်မှုအချောထည်လုပ်ငန်းများကို လုပ်သားအင်အား (၂၅၀၀) ကျော်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ကြိမ်၊ ဝါးလက်မှုအချောထည် ပစ္စည်းအမျိုးအစား (၇၀၀) ကျော်ထုတ်လုပ်၍ ပြည်ပသို့ ၉၀ ရာခိုင်နှုန်း ရောင်းချနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။လက်ရှိမှာ ရေကြည်မြို့နယ်ရှိ ကြိမ်၊ ဝါး လက်မှုအချောထည် လုပ်ငန်းများအနေဖြင့် အိမ်သုံး၊ ရုံးသုံး၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ခြင်းလုံး၊ သော့ချိတ်၊ ဦးထုတ်၊ ဖိနပ်၊ လက်ဆွဲခြင်း၊ လက်ကိုင်အိတ်၊ ဘောပင်ထည့်ခွက်၊ တစ်ရှူးဘူး၊ ပန်းခြင်း၊ အမှိုက်ခြင်း၊ ပန်းကန်ပြား၊ လင်ဗန်းတို့အပြင် ဧည့်ခန်းသုံး၊ ဟိုတယ်သုံးပစ္စည်းများဖြစ်သည့် စားပွဲ၊ ကုလားထိုင်၊ ခန်းဆီး၊ ဗီရို၊ မှန်တင်ခုံ၊ သေတ္တာ၊ အဝတ်လှန်းစင်၊ ဦးထုပ်၊ အဝတ်ချိတ်စင်၊ အလှဆင်မီးအိမ်အမျိုးမျိုး စသည့် လက်မှုပစ္စည်း အမျိုးအစား(၇၀၀)ကျော်အားထုတ်၍ ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ ထုတ်လုပ်သောပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ကြိမ်ကို အခြေခံပြုလုပ်သော ပစ္စည်းများဖြစ်၍ ၂၀ ရာခိုင်နှုန်းမှာ ဝါးကို အသုံးပြုကာ လူသုံးကုန်ပစ္စည်းအဖြစ် ထုတ်လုပ်အသုံးပြုလျက်ရှိနေကြောင်း သိရပါတယ်။ကြိမ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကြိမ်ကုန်ကြမ်းထုတ်လုပ်ရောင်းချသူများ၊ အချောထည် ပြုလုပ်သူများနှင့် အချောထည်များကို ဆေးသုတ်ပြုပြင်ထုပ်ပိုးသူများဖြင့် နိုင်ငံခြားဈေးကွက်နှင့် ဒေသတွင်း ဈေးကွက်သို့ ရောင်းချလျက်ရှိသလို ရန်ကုန်အခြေစိုက်ကုမ္ပဏီကြီးများအနေဖြင့်လည်း ရေကြည်မြို့နယ်တွင် အလုပ်ရုံခွဲများဖွင့်လှစ်၍ ပြည်တွင်း/ပြည်ပ အမှာစာ ရရှိမှုပေါ် မူတည်လျက် ကုန်ကြမ်းများကို ဝယ်ယူရက်လုပ်၍ ကုန်ချောများနှင့် ပြန်လည်ပြုပြင်ရမည့် တစ်ပိုင်းချောကုန်ထည်များကို ရန်ကုန်မြို့သို့တင်ပို့၍ ကုန်ချောပြုလုပ်သည့် စက်ရုံများမှ ကုန်ချော ပြုလုပ်ကာ ပြည်တွင်း/ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်းလည်း သိရပါတယ်။အဆိုပါ လက်မှုပစ္စည်းများကို ပြည်တွင်းဈေးကွက်၌ ခရီးသွားဖွံ့ဖြိုးရာသီတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပုသိမ်၊ နေပြည်တော်၊ ကျိုက်ထို၊ ပဲခူးစသည့် မြို့ကြီးများတွင် ရောင်းချသလို ပြည်ပဈေးကွက်တွင်တော့ အာဆီယံ နိုင်ငံများအပြင် ကိုရီးယား၊ နယ်သာလန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ နော်ဝေနှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ကြိမ်လုပ်ငန်းတစ်ခုလုံးမှ ထွက်ရှိသော ကုန်ပစ္စည်းအားလုံး၏ ၁၀ ရာခိုင်နှုန်းမျှသာ ပြည်တွင်းသုံးအဖြစ် အသုံးပြုပြီး ၉၀ ရာခိုင်နှုန်းကို နိုင်ငံခြားသို့ တင်ပို့ရောင်းချပြီး ပို့ကုန်အားလုံး၏ ၈၀ ရာခိုင်နှုန်းကို ရေကြည်မြို့နယ်မှ ထုတ်လုပ်ပေးလျက်ရှိကြောင်းလည်းသိရပါတယ်။ ကြိမ်လုပ်ငန်းများအတွက် ပရိဘောဂများထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းများကိုတော့ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း၊ စီးပွားဖြစ်အချောထည် ထုတ်လုပ်ရန် ကြိမ်ကုန်ကြမ်းများကိုတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ လည်းကောင်း ရရှိနေတယ်လို့ သိရပါတယ်။ကြိမ်၊ ဝါးအခြေခံ လက်မှုထည်လုပ်ငန်းများပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်မှုထည်ထုတ်လုပ်မှု ပမာဏ မြှင့်တင်ရေး၊ ပြည်တွင်းကုန်စည်ပြပွဲများသာမက ပြည်ပကုန်စည်ပြပွဲများတွင် ကြိမ်ထည်ထုတ်လုပ်သည့် ဒေသခံလုပ်ငန်းရှင်များ ကိုယ်တိုင်သွားရောက်ပြသနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန် သယံဇာတများကို အသုံးပြုလျက် ကုန်ချောများ ပြုလုပ်ရောင်းချနိုင်ခြင်းဖြင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး နိုင်ငံတော်နှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ လိုအပ်သော နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိရေး ပူးပေါင်းခဲ့ပါတယ်။

news-view-count-icon

58