ယခုရက်ပိုင်းအတွင်း နေပြည်တော်ဒေသတွင်လည်း အုန်းသီးစိမ်းများမှာ စျေးကောင်းနေလျက်ရှိရာ အုန်း ခြံများသို့ လိုက်လံဝယ်ယူသူများလည်း များလာကြောင်း ဒေသခံများထံမှ သိရသည်။ “အုန်းသီးစျေးကောင်းတော့ ကိုယ့်ခြံဝန်းထဲက အုန်းသီးတွေကို ရောင်းမလားဆိုပြီး လိုက်ဝယ်တဲ့သူတွေ များလာတယ်၊ ကိုယ်လည်း အုန်းပင်မတက်တတ်တာရယ်၊ မတက်ရဲတာရယ်ဆိုတော့ လာဝယ်တဲ့သူတွေကိုပဲ ရောင်းနေရတယ်၊ စျေးကွက်ထဲမှာ စျေးကောင်းနေပေမယ့် သူတို့က စျေးကောင်းတော့မပေးဘူး၊ စျေးကောင်း မပေး လည်း ရတဲ့စျေးနဲ့ရောင်းခဲ့ရတယ်၊ မရောင်းဘဲ ထားလည်းထူးမှမထူးတာလေ”ဟု နေပြည်တော်ဒေသခံ ခြံပိုင်ရှင်တစ်ဦးက ရှင်းပြသည်။လက်ရှိစျေးကွက်အတွင်းတွင် အရည်သောက်အုန်းစိမ်းမှာ တစ်လုံး ၅၀၀၀ ကျပ်ရှိနေပြီး ခြံများသို့လိုက်လံ ဝယ်ယူသူများမှာ တစ်လုံး ၁,၅၀၀ ကျပ်ဖြင့်ဝယ်၍ ဝယ်သူကိုယ်တိုင်အပင်ပေါ်တက်ကာ ခူးဆွတ်ခြင်းများလည်း ပြုလုပ်ကြရသည်။နေပြည်တော်ဒေသတွင် ဘုရားပွဲ၊ သာသနာပွဲ၊ နတ်ပွဲ၊ ဘိုးတော်ပွဲ စသည်ဖြင့် ပွဲတင်အုန်းသီးတစ်လုံးလျှင် အလုံးလှလျှင်လှသလို တစ်လုံး ၅,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်အထိရောင်းချနေပြီး အိမ်တွင်းနတ်ဆွဲအုန်းတစ်လုံးလျှင် ၈,၀၀၀ - ၉,၀၀၀ ကျပ်ဖြစ်နေကြောင်း၊ အုန်းသီးကို ရွှေရောင်ငွေရောင်ဆေးမှုတ်ပြီး ရောင်းပါက တစ်လုံးလျှင် ၂၀,၀၀၀ ကျပ်အထိ ကျသင့်လေ့ရှိကြောင်း သိရသည်။



