တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ်ရှိ စန္ဒဝတ်ကျေးရွာအုပ်စုတွင် တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့် ဆက်စပ်အဆောက်အုံများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်းအတွက် Swiss Challenge တင်ဒါခေါ်ယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါတယ်။အဆိုပါ တင်ဒါကို ဒေသခံတိုင်းသား လုပ်ငန်းရှင်များအား ဦးစားပေးသွားမှာဖြစ်ပြီး စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်အများအနေနဲ့ တင်ဒါလျှောက်လွှာပုံစံများကို ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစိတ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတည်းက စတင်ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။တင်သွင်းလာတဲ့ တင်ဒါလျှောက်လွှာများကို လာမယ့် မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထား ပိတ်သိမ်းသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို အထက်ပါဌာနစိတ်သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ဆွစ်ယှဉ်ပြိုင်တင်ဒါခေါ်ခြင်း (Swiss Challenge) ဆိုသည်မှာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP)စီမံကိန်းများတွင် ပုဂ္ဂလိက၏ ဦးဆောင်ပါဝင်မှုကို အားပေးသည့် အစိုးရ၏ ဝယ်ယူရေးဆိုင်ရာ အစီအစဉ်ဖြစ်ပြီး အစိုးရက ဖိတ်ခေါ်ခြင်းမရှိဘဲ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုခုက မိမိဆန္ဒအလျောက် စီမံကိန်းအဆိုပြုလွှာတစ်ခုကို တင်သွင်းလာပါက ယင်းစီမံကိန်းကို အကောင်အထည်ဖော်လိုလျှင် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအနေဖြင့် Swiss Challenge ပုံစံ အသုံးပြု၍ စီမံကိန်းအဆိုပြုလွှာများ ယှဉ်ပြိုင်တင်သွင်းမည့် အဖွဲ့အစည်းများအား တင်ဒါဖိတ်ခေါ်ကာ ဆောက်ရွက်သည့် ပုံစံကို ဆိုလိုတာဖြစ်တယ်လို့ သိရပါတယ်။



