လူသားတွေရဲ့ ခန္ဓာကိုယ်ထဲက အန္တရာယ်ရှိ ဘက်တီးရီးယားများကို ဖမ်းဆီးနိုင်မယ့် Intelectin-2 လို့ ခေါ်တဲ့ သဘာဝပရိုတိန်း တစ်မျိုးကို ရှာဖွေတွေ့ရှိထားတယ်လို့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT)ရဲ့ သုတေသနပညာရှင်များက ဆိုထားပါတယ်။ပညာရှင်များရဲ့ အဆိုအရ ဒီတွေ့ရှိချက်ဟာ ဆေးပညာလောကအတွက် စိတ်လှုပ်ရှားစရာကောင်းပြီး ယင်း ပရိုတိန်းဟာ မိမိတို့ရဲ့ အစာခြေစနစ်ထဲမှာ အဓိက အလုပ်လုပ်ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။ယင်း Intelectin-2 ပရိုတန်းဟာ အလုပ် ၂ မျိုးကို တစ်ပြိုင်နက် လုပ်ပေးပြီး အူလမ်းကြောင်းထဲ မှာရှိတဲ့ အမြှေးပါးလွှာကို ပိုပြီးခိုင်မာကျစ်လျစ်အောင် လုပ်ပေးတာကြောင့် အပြင်ကလာတဲ့ ပိုးမွှားများ အလွယ် တကူဝင်မလာနိုင်အောင် တားဆီးပေးပြီး အကယ်၍ ဘက်တီးယားဟာ ဒီအလွှာကို ဖောက်ထွက်ဖို့ ကြိုးစား လာပါကလည်း ပရိုတိန်းဟာ ဘက်တီးရီးယားတွေရဲ့ မျက်နှာပြင်မှာရှိတဲ့ သကြားဓာတ်တွေနဲ့ သွားပြီးတွယ်ကပ်ကာ သူတို့ကို လှုပ်မရအောင် ဖမ်းဆီးထားမှာဖြစ်တယ်လို့ သိရပါတယ်။ထိုသို့ အဖမ်းခံလိုက်ရတဲ့ ဘက်တီးရီးယားများဟာ ဆက်လက်၍ မပွားများနိုင်တော့သည့်အပြင် အချိန်ကြာလာသည့်နှင့်အမျှ ပျက်စီးကာ သေဆုံးသွားကြပြီး ယခု နည်းလမ်းကို ရှာဖွေတွေ့ရှိခြင်းဟာ ဆေးမတိုးတဲ့ ဘက်တီးရီးယားများကို နှိမ်နင်းဖို့အတွက် မျှော်လင့်ချက်အသစ်ဖြစ်လာတယ်လို့လည်း ပညာရှင်များက ပြောကြားထားကြပါတယ်။



