ထိုင်းနိုင်ငံ၊ ဘူရီရမ်ပြည်နယ်မှာ အသက် ၁၉ နှစ်အရွယ် ကားဆေးသုတ်သမား လူငယ်လေးတစ်ယောက်ဟာ ဗယ်လင်တိုင်းဒေးမှာ သူ့ရည်းစားကို နှင်းဆီပန်းတွေပေးရမယ့်အစား ထူးထူးခြားခြား လက်ပစ်ဗုံးနဲ့ စပရိုက် (Surprise) တိုက်ဖို့ ကြံစည်ခဲ့ပါတယ်။ သူဟာ ဩစတြီးယားနိုင်ငံထုတ် HDGR 73 လက်ပစ်ဗုံးတစ်လုံးကို အသင့်သုံးလို့ရတဲ့အနေအထားနဲ့ ပန်းရောင်ပလတ်စတစ်ဘူးထဲမှာ ထည့်ပြီး ခေါင်းအုံးအောက်မှာ ဝှက်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေးအတွက် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာကနေ အဲဒီလက်ပစ်ဗုံးကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အဲဒီလူငယ်ဟာ လွန်ခဲ့တဲ့ ၃ လလောက်က ဘတ် ၁,၀၀၀ ပေးပြီး အဲဒီဗုံးကို ဝယ်ယူခဲ့တာဖြစ်ပြီး ငယ်ငယ်ကတည်းက လက်နက်ခဲယမ်းတွေကို စုဆောင်းရတာ ဝါသနာပါသူဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။သူ့မှာ ရန်သူမရှိသလို ဘယ်သူ့ကိုမှလည်း ဒုက္ခပေးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။ သူက တွဲတာ တစ်လလောက်ပဲရှိသေးတဲ့ သူ့ချစ်သူကောင်မလေးကို နှင်းဆီပန်းတွေထက် ပိုထူးခြားတာလေး ပေးချင်လို့ အခုလို ဗုံးကို ဝှက်ထားတာလို့ ရဲတွေကို အေးအေးဆေးဆေးပဲ ပြန်ဖြေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အချစ်ကြောင့် စိတ်ကူးယဉ်ခဲ့တဲ့ အဲဒီလူငယ်ဟာ ဗယ်လင်တိုင်းဒေးမှာ ရည်းစားနဲ့ ချိန်းတွေ့ရမယ့်အစား စစ်လက်နက်ပစ္စည်း လက်ဝယ်ထားရှိမှုနဲ့ အဖ-မ်းခံလိုက်ရပါတယ်။ သူက သူ့ရည်းစားကိုလည်း "မနက်ဖြန်တော့ စပရိုက်ဖြစ်မှာမဟုတ်တော့လို့ စောင့်နေပေးပါ" လို့တောင် မှာကြားသွားခဲ့ပါသေးတယ်။ အဲဒီဗုံးကိုတော့ မပေါက်ကွဲအောင် သက်ဆိုင်ရာ ဗုံးရှင်းလင်းရေးအဖွဲ့က လာရောက်ဖျက်ဆီးခဲ့ရပါတယ်။



