မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့သည် တိုက်ပွဲများကြောင့် လပေါင်းများစွာ ပိတ်ထားရသည့်အခြေအနေတွင် မြန်မာ့ဆန်ကို ဝယ်ယူသည့် အဓိကစျေးကွက်မှာ အာဖရိကတိုက်ဖြစ်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ထုတ်ပြန်သည့် ဇန်နဝါရီလအချက်အလက်များအရ သိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ် (၁၀၅) မိုင်နှင့် ချင်းရွှေဟော်ဂိတ်များသည်လည်း လမ်းကြောင်းပြတ်တောက်နေဆဲဖြစ်ရာ နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ဆန်ကွဲကိုမူ တရုတ်နိုင်ငံက တန်ချိန် ၄၉,၄၈၀ တန်အထိ အများဆုံးဝယ်ယူထားပြီး တရုတ်အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံ၏ ဆန်ကွဲဝယ်လိုအားမှာ မက်ထရစ်တန်ချိန် ၈၆,၅၁၀ တန် ရှိခဲ့သည်။ဇန်နဝါရီလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၆၀ ရရှိခဲ့ပြီး၊ ဘဏ္ဍာနှစ် ၁၀ လတာအတွင်း စုစုပေါင်းဒေါ်လာ ၇၃၅ သန်း ရရှိထားကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ စစ်မီးကြောင့် လုံးဝနီးပါး ရပ်ဆိုင်းသွားခြင်းက မြန်မာ့ဆန်စျေးကွက်ကို အာဖရိကနှင့် အခြားပင်လယ်ရေကြောင်းစျေးကွက်များဘက်သို့ တွန်းပို့သကဲ့သို့ ဖြစ်လာနေသည်။



