အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု စတင်ပေးအပ်ချီးမြှင့်ခဲ့သည် ၂၀၀၈ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ၁၈ နှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ဆုပေါင်း ၁၅၈ ဆုကို နှစ်အလိုက် ရရှိထားတယ်လို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ သိရပါတယ်။ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရာတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သူအားလုံးမှ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းခိုင်မာလာစေရန် ရည်ရွယ်၍ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများကို ၂၀၀၈ ခုနှစ်ကတည်းကပင် စတင်သတ်မှတ်ပြဋ္ဌာန်းခဲ့တယ်လို့ လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်အထိ စုစုပေါင်း စံနှုန်း(၁၁)ခုအထိ အတည်ပြုထားကာ သက်ဆိုင်ရာစံနှုန်းများအလိုက် ဆုပေးအပ်ခြင်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ် ၂၀၂၆ တွင် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့မှ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆု(၂၄)ဆုကို ရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အာဆီယံဒေသတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည်ရောက်ရှိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၁၃၈ သန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၁၄၄ သန်း အသီးသီးတိုးတက်ဝင်ရောက်လည်ပတ်ခဲ့ကြသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီ ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေထက် ကျော်လွန်သွားခဲ့ပြီး ဖြစ်ကြောင်း၊ ထူးခြားချက် အနေဖြင့် အာဆီယံဒေသတွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် စုစုပေါင်းအရေအတွက်၏ ထက်ဝက်ခန့်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လည်ပတ်မှုဖြစ်သည့် အတွက် Intra-ASEAN ခရီးသွားလုပ်ငန်းများ၏ အရေးပါမှုကို သတိပြုမိစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ယင်းခရီးသွားဈေးကွက်ကို ရရှိနိုင်ရန်သာမက အာဆီယံ၏ မိတ်ဖက်နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့မှ ခရီးသွားဈေးကွက်ကို ရရှိနိုင်အောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ၎င်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပြုလုပ်ခဲ့တဲ့ (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၂၅) ကြိမ်မြောက် အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်နှင့် ကိုရီးယား) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ (၅)ကြိမ်မြောက် အာဆီယံ-ရုရှား ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားများနှင့် အာဆီယံခရီးသွားလုပ်ငန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားများသို့ မနီလာမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးများမှ အာဆီယံခရီးသွားလုပ်ငန်း စီမံကိန်း (၂၀၂၆-၂၀၃၀)၊ အာဆီယံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး စီမံကိန်း (၂၀၂၆-၂၀၃၀)၊ အာဆီယံအပေါင်း တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀)၊ အာဆီယံ-ရုရှား ဖက်ဒရေးရှင်း၊ အာဆီယံ-အိန္ဒိယ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ် (၂၀၂၆-၂၀၃၀) တို့ကို အတည်ပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။



