ထိုင်းနိုင်ငံရှိ မြန်မာ၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဘတ် (ပန်းရောင်ကတ်) နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းတိုးသည့် လုပ်ငန်းစဉ်တွင် Calling Visa (အလုပ်ခေါ်စာ) အဆင့်ကို ထပ်မံတိုးမြှင့်လိုက်ပြီး ဤစနစ်သည် အလုပ်သမားများအား နေရပ်ပြန်စရာမလိုဘဲ MoU စနစ်အတွင်းသို့ တိုက်ရိုက်ကူးပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။ Calling Visa သည် အလုပ်ရှင်က အလုပ်သမားကို ခန့်အပ်ရန် အလုပ်အကိုင်ဌာနမှ တရားဝင်ခွင့်ပြုချက်ရထားကြောင်း အတည်ပြုသည့် စာရွက်စာတမ်းဖြစ်ပြီး၊ အလုပ်ရှင်မှ အွန်လိုင်းတစ်ဆင့် လျှောက်ထားရမည်ဖြစ်ကာ အလုပ်သမားများအနေဖြင့် Work Permit သက်တမ်းတိုးခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်ထက် နောက်မကျဘဲ ဆောင်ရွက်ရမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်သစ်ကြောင့် အလုပ်ရှင်ပြောင်းရွှေ့ရန် ခက်ခဲနိုင်သဖြင့် လက်ရှိအလုပ်ရှင်ထံတွင်သာ ဆက်လက်လုပ်ကိုင်ရန် အကျိုးဆောင်များက အကြံပြုထားပြီး၊ သတ်မှတ်ထားသည့် အဆင့်ဆင့်သော ဗီဇာသက်တမ်းတိုးမှုများကို ဆောင်ရွက်ပါက ၂၀၂၇ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။


