Samut Sakhon ပြည်နယ်၊ Krathum Baen ရှိ ASA Motorparts Co., Ltd. တာယာစက်ရုံမှာ ဖေဖော်ဝါရီလ ၁၀ ရက်၊ ညနေ ၄ နာရီခွဲအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီစက်ရုံဟာ ကားနဲ့ ဆိုင်ကယ်တာယာတွေအပြင် အလူမီနီယမ် ဆိုင်ကယ် Rim တွေပါ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားချိန်မှာ ထိုင်းနဲ့ မြန်မာနိုင်ငံသား လုပ်သား ၂၀၀ ကျော်ဟာ ပုံမှန်အတိုင်း အလုပ်ဆင်းနေကြတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လုပ်သား ၁၄ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး တချို့က တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာ ပြင်းထန်သလို၊ တချို့ကတော့ မီးဟပ်ခံရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက Krathum Baen ဆေးရုံ၊ Wichai Vej Oom Noi ဆေးရုံနဲ့ Mahachai 2 ဆေးရုံတွေကို အသီးသီး ပို့ဆောင်ပေးထားပါတယ်။မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရေကား ၁၀ စီးကျော်ဟာ ကနဦးမှာ ရေနဲ့ မိနစ် ၃၀ ကြာ ငြှိမ်းသတ်ခဲ့ပေမယ့် မီးမငြိမ်းခဲ့ပါဘူး။ ဒါကြောင့် အမြှုပ်ထွက်တဲ့ ဓာတုဆေးတွေ၊ သဲတွေနဲ့ ထပ်မံ ငြှိမ်းသတ်ခဲ့ရပြီး တစ်နာရီနီးပါးအကြာမှာမှ မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ကနဦး စစ်ဆေးချက်တွေအရ လုပ်ငန်းခွင်ကထွက်တဲ့ မီးပွားတွေဟာ တာယာထုတ်လုပ်ရာမှာ သုံးတဲ့ မဂ္ဂနီဆီယမ် (မီးလောင်လွယ်တဲ့ သတ္တု) ပေါ်ကို ကျရာကနေ ပေါက်ကွဲမီးလောင်ခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သက်သေတွေကို စစ်ဆေးမေးမြန်းနေပြီး မှုခင်းဆေးပညာရှင်တွေနဲ့ ပူးပေါင်းကာ အသေးစိတ် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။



