ဒီနှစ် Valentine's Day ဟာ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနဲ့ တိုက်ဆိုင်နေတာကြောင့် ထိုင်းနိုင်ငံအတွင်း ခရီးသွားလာမှုဟာ မနှစ်ကထက် ၁၃၀ ရာခိုင်နှုန်းတောင် မြင့်တက်လာတယ်လို့ Agoda က ထုတ်ပြန်လိုက်ပါတယ်။ Agoda ရဲ့ အချက်အလက်တွေအရ စုံတွဲတွေဟာ အမှတ်တရဖြစ်စေမယ့် ခရီးစဉ်တွေကို ရှာဖွေလာကြပြီး ဒီနှစ်မှာ Surat Thani ပြည်နယ်က ရေပန်းအစားဆုံး ဖြစ်နေကာ ရှာဖွေမှုနှုန်း ၁၀ ဆကျော်အထိ မြင့်တက်ခဲ့ပါတယ်။ကမ်းခြေဒေသတွေထဲမှာ Surat Thani ဟာ ထိပ်ဆုံးက ဦးဆောင်နေပြီး Koh Samui က Chaweng Beach နဲ့ Ang Thong National Marine Park လို နေရာတွေက စုံတွဲတွေကို ဆွဲဆောင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် တခြားကမ်းခြေမြို့တွေဖြစ်တဲ့ Nakhon Si Thammarat ၊ Krabi နဲ့ Hua Hin တို့ကလည်း အေးအေးဆေးဆေး အနားယူချင်တဲ့ ချစ်သူတွေကြားမှာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။တောင်ပေါ်ဒေသနဲ့ သဘာဝတရားကို သဘောကျတဲ့ စုံတွဲတွေအတွက်တော့ Kanchanaburi ပြည်နယ်က နံပါတ်တစ် ဖြစ်လာပြီး ရှာဖွေမှုနှုန်း ၃ ဆကျော် မြင့်တက်ခဲ့ပါတယ်။ River Kwai တံတားနဲ့ Erawan National Park လို နေရာတွေက နာမည်ကြီးသလို စပျစ်ခင်းတွေရှိတဲ့ Khao Yai National Park နဲ့ မြို့ပြဆန်ဆန် သဘာဝအလှကို ခံစားနိုင်တဲ့ Chiang Mai တို့ကလည်း ရွေးချယ်စရာ နေရာကောင်းတွေ ဖြစ်ကြပါတယ်။မြို့ပြရဲ့ အငွေ့အသက်ကို ခံစားချင်သူတွေအတွက်တော့ Chonburi ပြည်နယ်က ရေပန်းအစားဆုံးဖြစ်ပြီး Bang Saen ကမ်းခြေလို နေရာမျိုးတွေကြောင့် ရှာဖွေမှု ၂ ဆ တက်လာပါတယ်။ မြို့တော် ဘန်ကောက် ကလည်း ကျောက်ဖရားမြစ်ကမ်းနားက Wat Arun မှာ နေဝင်ချိန် ကြည့်တာတွေ၊ Rooftop Bar တွေမှာ ညစာစားတာတွေနဲ့ ရိုမန်တစ်ဆန်တဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်တဲ့အတွက် စာရင်းထဲမှာ ပါဝင်နေပါတယ်။



