ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း နေအိမ်ဖောက်ထွင်းခံရမှုဖြစ်စဉ်ပိုများလာပြီး နေအိမ်ခြံဝင်းအတွင်းထားသည့် ပစ္စည်းများ၊ သုံးဘီးဆိုင်ကယ်များပါ ခိုးယူခံရမှုများရှိနေကြောင်း ရန်ကုန်မြို့ခံပြည်သူများထံမှ သိရသည်။“အများပြည်သူသတိထားလို့ရအောင် ပြောပြတာပါ။ အဲနေ့က မိသားစုကျန်းမာရေးအရေးပေါ်ကိစ္စရှိတာနဲ့ အိမ်မှာ လူမရှိချိန်ဖြစ်သွားတာ။ တံခါးရော၊ တံခါးမှာချည်ထားတဲ့ သံကြိုးတွေကိုရောအကုန်ဖြတ်ပြီး အိမ်ဆိုင်ထဲမွှေနှောက် ခိုးသွားတာ။ စျေးရောင်းရငွေရော၊ စုထားတဲ့ငွေရော၊ ဆိုင်ထဲက ပစ္စည်းတွေရော အကုန်မသွားတယ်။ ငွေကသိန်း ၆၀ လောက်ပါသွားတယ်။ အခုက သူခိုးတွေအုပ်စုဖွဲ့သောင်းကျန်းနေတော့ ရပ်ကွက်သား အချင်းချင်းဖေးမကူညီပြီး သတိထားစောင့်ကြည့်မှရမယ့် အနေအထားဖြစ်နေပြီ”ဟု ဆိုသည်။ယခုရက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာ၊ လှိုင်သာယာအပါအဝင် မြို့နယ်အချို့တွင် နေအိမ်ခြံဝင်းအတွင်းမှ ပစ္စည်းများ၊ သုံးဘီးဆိုင်ကယ်နှင့် စက်ဘီးများ ခိုးယူခံရသည့်ဖြစ်စဉ်များရှိနေပြီး အိမ်အတွင်းမှ ဖုန်းခိုးယူခံရမှုများ အပြင် ရပ်ကွက်စျေးဆိုင်နှင့် ကုန်စုံဆိုင်ကြီးများမှ ပစ္စည်းကို အုပ်စုဖွဲ့ခိုးယူမှုများ၊ ဌာနဆိုင်ရာအသွင်ဖြင့် အုပ်စုဖွဲ့လိမ်လည်မှု များလည်း ခပ်စိပ်စိပ်ဖြစ်နေကြောင်း ရန်ကုန်မြို့ခံများပြောပြချက်နှင့် လူမှုကွန်ရက်တွင် ပြန်လည်မျှဝေထားသည့် CCTV မှတ်တမ်းများအရ သိရသည်။
| 25 | 0 | 0 | 0 |


