ဂျပန်နိုင်ငံမှာ ရက်သတ္တသုံးပတ်နီးပါးကြာ ဆက်တိုက်ဆိုသလို ဆီးနှင်း အလွန်အမင်းကျဆင်းခဲ့တာကြောင့် အခုဆိုရင် လူပေါင်း ၄၆ ဦး သေဆုံးပြီး ၅၅၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီက ဖေဖော်ဝါရီ ၁၀ ရက်၊သတင်းထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းကတည်းက စတင်ကျဆင်းခဲ့တဲ့ ဆီးနှင်းထုကြောင့် ဂျပန်မြောက်ပိုင်းရှိ လူနေရပ်ကွက်တွေဟာ နှင်းခဲအောက်မှာ နစ်မြုပ်နေသလို အထူးသဖြင့် ဂျပန်ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ ကမ်းရိုးတန်းတလျှောက်မှာလည်း လမ်းပန်းဆက်သွယ်ရေးတွေ အကြီးအကျယ် ပြတ်တောက်ကုန်ပါတယ်။“လူသေဆုံးမှုအများစုဟာ အိမ်ခေါင်မိုးပေါ်ကနေ နှင်းထုတွေ ပြိုကျလာပြီး ပိမိတာနဲ့၊ နှင်းခဲတွေကို ခေါင်မိုးပေါ် တက်ရောက်ရှင်းလင်းရင်း ခြေချော်ပြုတ်ကျတာတွေကြောင့် ဖြစ်တယ်”လို့ ရဲတပ်ဖွဲ့နဲ့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။ဂျပန်မြောက်ပိုင်းက အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ အအိုမိုရီ (Aomori) မှာဆိုရင်တော့ မြေပြင်ပေါ်မှာ နှင်းထု ၁ ဒသမ ၃ မီတာ (၄ ပေကျော်) အထိ စုပုံနေတာကြောင့် “ဒေသခံပြည်သူတွေဟာ နှင်းဘေးဒဏ်ကို အလူးအလဲ ခံစားနေရတယ်”လို့ ဂျပန်မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။



