ရန်ကုန်တိုင်း ၊ ခရမ်းမြို့ ၊ မြို့မဈေးမှာရောင်းနေတဲ့ ပဲသွေး ၁ မျိုးထဲမှာ လူသေ ရုပ်အလောင်းတွေမှာသုံးတဲ့ ဖော်မလင်တွေ ထည့်သွင်းသုံးစွဲထားတာကို FDA (ရန်ကုန်တောင်ပိုင်းခရိုင်) အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲသွေးရောင်းသူကို ဈေးတာဝန်ခံရုံးမှာ ခံဝန်ကတိရေးထိုးခိုင်းပြီး ပဲသွေးတွေကို သိမ်းဆည်းဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ လှိုင်မြို့နယ်ရှိ လှိုင်ရတနာဈေးမှာ ရောင်းနေတဲ့ စိမ်းစားငပိ (၂) မျိုးထဲမှာလည်း အဝတ်အထည်ဆိုးဆေး Rhodamine B တွေ ထည့်သွင်းသုံးစွဲထားတာကို ထပ်မံတွေ့ရှိရတာကြောင့် ဖေဖော်ဝါရီ ၄ ရက်မှာ ရောင်းချသူကို ဈေးတာဝန်ခံရုံးမှာ ဆိုင်တာဝန်ခံတွေဆီ ခံဝန်ကတိ ရေးထိုးခိုင်းပြီး ပစ္စည်းတွေကို သိမ်းဆည်းဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ဖော်မလင်ဆိုတာက ရုပ်အလောင်းထိန်းသိမ်းဖို့ ၊ စက်မှုလုပ်ငန်းတွေမှာသုံးတဲ့ ဓာတုပစ္စည်းဖြစ်ပြီး
ငပိမပုပ်အောင် ၊ ကြာကြာခံအောင် ၊ အနံ့မဆိုးအောင်ထည့်ကြတာပါ။ အဲ့ဒီတွေကို စားမိပါက ဗိုက်နာ ၊ အော့အန် ၊ ဝမ်းလျှော ၊ လည်ချောင်း ၊ အစာအိမ် ယားယံ ၊ ကြာကြာစားရင် အသည်း ၊ ကျောက်ကပ် ပျက်စီးနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေ တိုးလာနိုင်ပါတယ်။Rhodamine B ဆိုတာက အထည်အလိပ် ၊ ပလတ်စတစ် ၊ ဆေးသုတ်စတဲ့ စက်မှုလုပ်ငန်းသုံး အရောင်တင်ဆေးဖြစ်ပါတယ်။ အရောင် နီနီတောက်တောက် ဖြစ်အောင် လုပ်ထားတဲ့ ဆိုးဆေးကို အစားအသောက်ထဲ ထည့်သုံးလိုက်တဲ့အခါ စားသုံးမိသူတွေက အန်တာ ၊ မူးဝေတာ ၊ ဗိုက်အောင့်တာ ၊ ဝမ်းလျှောတာတွေဖြစ်ပြီး ဒီအစားအသောက်တွေကို ကြာကြာစားရင် အသည်းထိခိုက်ကာ မျိုးဗီဇပျက်စီးနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် အရောင် နီလွန်း ၊ တောက်လွန်းတဲ့ စိမ်းစားငပိတွေကို မစားဖို့နဲ့ အနံ့ မမှန်ဘဲ ဓာတုအနံ့ထွက်နေတဲ့ ငပိကိုရှောင်ပြီး ယုံကြည်ရတဲ့ အိမ်လုပ် ၊ ဒေသခံထုတ်လုပ်သူတွေကနေ ဝယ်စားကြပါလို့ -FDA က အကြံပြုထားပါတယ်။


