ပြည်တွင်း၌အဆောင်အခန်းခများ ဈေးမြင့်တက်လာခြင်းနှင့်အတူ အခန်းအကျယ်အဝန်းအားဖြင့် အလွန်ပင် ကျဉ်းမြောင်းလာပြီး ပေးရသောစျေးနှင့်မတန်သောအခြေအနေမျိုး အဆောင်နေသူများကြား၌ ကြုံ တွေ့လာရကြောင်း သိရသည်။မြို့ပြများသို့ အလုပ်အကိုင်၊ ပညာရေးအပါအဝင် အကြောင်းကိစ္စမျိုးစုံဖြင့် လာရောက်ကြသူ များပြားလာသည်နှင့်အတူ အိမ်ငှားခများမြင့်တက်လာသလို အဆောင်ခများလည်း လိုက်ပါမြင့်တက်လာခဲ့သည်။ အဆောင်ခဈေးနှုန်းများမှာ ယခင်နှစ်များထက် ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်နေပြီး အဆောင်ခန်းများမှာလည်း ယခင်ထက်အလွန်ပင် ကျဉ်းမြောင်းလာခဲ့ခြင်းလည်းဖြစ်သည်။ယခင်က လူတစ်ယောက်စာ အဆောင်နေ အခန်းတစ်ခန်းလျှင် ငွေ ၇၀,၀၀၀ ကျပ် ဝန်းကျင်သာ ရှိသော်လည်း ယခုအခါ ငွေ ၁၀၀,၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်ကြားအထိ ပေးလာရပြီး အခန်းအကျယ်အားဖြင့် ၄ ပေ× ၆ပေ ဝန်းကျင်သာရှိကြောင်း၊ ကျန်းမာရေးအရလည်း လေဝင်လေထွက်မကောင်းခြင်းကြောင့် အချိန်ကြာလေ အဆုတ်နှင့် ပတ်သက်သော ရောဂါများ ပိုမိုစိုးရိမ်စရာဖြစ်လာကြောင်း ကမာရွတ် လှည်းတန်းတွင် အဆောင်နေထိုင်သူတစ်ဦးက ဆိုသည်။အဆောင်ရှင်တွေကတော့ မီတာခတွေ၊ ရေဖိုးတွေ မတရားတက်လို့ ဒီလိုလုပ်ရတာဆိုပြီး ရောချနေ ကြတာ၊ ဒီမှာနေတဲလူတွေက တစ်နေ့တခြား လူရုပ်မထွက်တော့ဘူး၊ စိတ်ဖိစီးမှုများလို့လေ၊ တခြားမှာ ဈေးသက်သာတဲ့ နေရာတွေရှိပါတယ်၊ အဲဒီနေရာတွေက သင်တန်းတွေနဲ့ ဝေးတော့အဆင်မပြေဘူး၊ သွားရလာရခက်တယ်၊ အခုသင်တန်းနဲ့နီးတဲ့နေရာမှာနေရတာ၊ အဆောင်ပိုင်ရှင်တွေက အဲဒါကိုသိတော့ သူတို့ လုပ်ချင်တိုင်းကို လုပ်နေ ကြတာ"ဟု လှိုင်မြို့နယ်အတွင်း အဆောင်နေသူတစ်ဦးက ပြောဆိုခဲ့သည်။အဆောင်ခန်းများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ တိုက်ခန်းများလည်းမြို့နယ်ပေါ်မူတည်၍ အထပ်အမြင့်ဆုံး ခြောက်လွှာ (သို့မဟုတ်) ရှစ်လွှာ အခန်းတစ်ခန်းကို ငှားရမ်းခအဖြစ် ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၄၀၀,၀၀၀ အထိ ငှားရမ်းခကျသင့်မှုရှိလာကြောင်း သိရသည်။



