ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၃ ခုနှစ်ကတည်းက ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူထားသည့် Luxury Condo တစ်ခုမှာ ၂၀၂၆ ခုနှစ် နှစ်ဝက်ကျော်လာသည်အထိ ဆောက်လုပ်ရေး လုပ်ငန်းများ မစတင်နိုင်သေးသဖြင့် ဝယ်ယူထားသူများအကြား စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်။ဝယ်ယူထားသူများ၏ ပြောဆိုချက်အရ ကွန်ဒိုတန်ဖိုး၏ ၉၀ ရာခိုင်နှုန်းနီးပါးကို အပြီးပေးချေထားပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ မြေတူးဖော်ခြင်းနှင့် ဖောင်ဒေးရှင်း လုပ်ငန်းများပင် မစတင်ရသေးသည့်အပြင် အခန်းအပ်နှံရမည့် ရက်ကျော်လွန်ခဲ့သော်လည်း စတင်ဆောက်လုပ်မည့် အချိန်ဇယား (Timeline) ကို အတိအကျ မသိရှိရသေးပေ။ အဆိုပါ ကွန်ဒိုမှာ တစ်ခန်းလျှင် ကျပ်သိန်းပေါင်း သောင်းချီတန်ကြေးရှိသည့် Luxury Condo ဖြစ်ပြီး Developer ကုမ္ပဏီအနေဖြင့် ယခင် Project တွင်လည်း အခန်းများ အပြည့်အဝ မအပ်နှံနိုင်သေးဘဲ Marketing အဖွဲ့များကမူ အသစ်ရောင်းချမှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။လက်ရှိတွင် အခြေအနေ မဟန်သဖြင့် စရန်ငွေ အဆုံးခံ၍ ပြန်လည် ထွက်ခွာသွားသူများ ရှိသကဲ့သို့ ဝယ်ယူသူအချို့က Developer ဘက်သို့ တရားစွဲဆိုထားမှုများလည်း ရှိနေသည်။ သို့ဖြစ်ရာ ဝယ်ယူထားသူများအနေဖြင့် ပေးချေထားသည့် ငွေကြေးအတွက် စိုးရိမ်နေကြပြီး Developer ဘက်မှ ဆောက်လုပ်ရေး စတင်မည့်အချိန်နှင့် အခန်းအပ်နှံမည့် Timeline တို့ကို တိတိကျကျ ထုတ်ပြန်ပေးရန် မျှော်လင့်နေကြသည်။


