မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအား အားကောင်းလာမှုကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင် ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဆန်ဝယ်ယူနေသော်လည်း မြန်မာ့ GW-11 ဆန်၏ မျိုးစိတ်နှင့် အရည်အသွေး ကောင်းမွန်မှုကို ပိုမိုနှစ်ခြိုက်သဖြင့် ဈေးကောင်းပေး ဝယ်ယူနေခြင်း ဖြစ်သည်။ လက်ရှိ ဖိလစ်ပိုင် ဈေးကွက်၌ ထိုင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ခန့်သာ ရရှိချိန်တွင် မြန်မာ့ GW-11 ဆန်မှာ တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးပိုမိုရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။


