မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်း အဓိက စိုက်ပျိုးထွက်ရှိသည့် မိုးမြေပဲများမှာ ယခုနှစ်တွင် ဈေးကောင်း ရရှိနေကြောင်း မြေပဲ အဝယ်ဒိုင် လုပ်ငန်းရှင်များထံမှ သိရသည်။အောင်လံမြို့ မြောက်ဘက်နှင့် တောင်ဘက်ရှိ ကျေးရွာများမှ ထွက်ရှိသော မိုးမြေပဲ အစိုအတောင့်များမှာ လက်ရှိတွင် အဝယ်ဒိုင်များထံ လှိုင်လှိုင် ဝင်ရောက်လျက်ရှိပြီး အထွက်နှုန်း ကောင်းမွန်သည့်အပြင် ဈေးနှုန်းမှာလည်း ယခင်နှစ်များထက် နှစ်ဆကျော် မြင့်တက်လျက်ရှိသည်။ ယခင်နှစ်က မိုးမြေပဲ အတောင့်အစို တစ်တင်းလျှင် ကျပ် ၁၈,၀၀၀ သာ ရှိခဲ့ရာမှ ယခုနှစ်တွင် တစ်တင်းလျှင် ကျပ် ၄၁,၀၀၀ အထိ ဈေးရရှိနေပြီး မြေပဲလုံးဆံအဖြူ ဈေးနှုန်းမှာလည်း ယခင်နှစ်က တစ်ပိဿာလျှင် ကျပ် ၇,၃၀၀ မှ ယခုနှစ်တွင် ကျပ် ၁၄,၀၀၀ အထိ မြင့်တက်လာခဲ့သည်။အဆိုပါ မိုးမြေပဲ အစိုအတောင့်များကို နေလှန်းအခြောက်ခံ၍ မြေပဲခွဲစက်များဖြင့် ခွဲပြီးရရှိလာသည့် မြေပဲလုံးဆံ အသန့်များကို ပြည်တွင်း ဆီစက်လုပ်ငန်းရှင်များနှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
| 13 | 0 | 0 | 0 |


