တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၌ ထိုင်းနိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်ရန် ပြင်ဆင်လျက်ရှိပြီး ရုရှားနိုင်ငံကလည်း အဆိုပါ စီမံကိန်းအပါအဝင် ဒေသတွင်း အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ထားဝယ်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံ၏ သွင်းကုန်၊ ထုတ်ကုန်များအတွက် မလက္ကာရေလက်ကြားအပေါ် မှီခိုနေရမှုကို လျှော့ချပေးနိုင်မည်ဖြစ်ရာ ထိုင်းနိုင်ငံကို ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်အဖြစ် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ထားသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် ရထားလမ်း နည်းပညာများအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားနေသည့်အပြင် နှစ်နိုင်ငံကြား လယ်ယာထွက်ကုန် ကုန်သွယ်မှု တိုးမြှင့်ရေး၊ စီးပွားရေး ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်နေသည့် ငွေပေးချေမှု အခက်အခဲများကို ဗဟိုဘဏ်များချင်း ဆွေးနွေးဖြေရှင်းရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တွန်းအားပေးရေးတို့အတွက်လည်း ရုရှားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



