မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ အစည်းအဝေးကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ယမန်နေ့က ကျင်းပခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ် ၁၄ ခုကို အတည်ပြုပေးခဲ့ကြောင်း ဩဂုတ် ၁၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။အဆိုပါ အတည်ပြုခဲ့သည့် စီမံကိန်းများတွင် လက်ရှိ ရင်းနှီးမြှုပ်နှံမှုများ၏ အရင်းအနှီး တိုးမြှင့်မှုမှ အမေရိကန်ဒေါ်လာ ၁၄၀.၄၇၄ သန်းတန်ဖိုးရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ် ၂ ခု ပါဝင်သည်။ ထို့ပြင် စက်မှု၊ ဝန်ဆောင်မှု၊ လျှပ်စစ်ဓာတ်အားနှင့် အိမ်ရာကဏ္ဍများတွင် ကျပ် ၁.၁၇၈၇ ထရီလီယံကျော် တန်ဖိုးရှိ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ် ၁၂ ခုတို့ ပါဝင်ပြီး ယင်းစီမံကိန်းများမှ ဒေသခံများအတွက် အလုပ်အကိုင်ပေါင်း ၃,၃၃၆ ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စီမံကိန်း အဆိုပြုချက်များကို စိစစ်အတည်ပြုခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိသည်။


