မြန်မာဖိုက်တာ စောမင်းမင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသည့် ထိုင်းဖိုက်တာ Suriyanlek P Yenying သည် ဩဂုတ် ၁၅ ရက် (စနေနေ့) နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ Pathum Thani ၌ အပြေးလေ့ကျင့်နေစဉ် ဗင်ကားတစ်စီး၏ နောက်မှ ဝင်တိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။အသက် ၂၉ နှစ်အရွယ် Suriyanlek ကို ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် Sam Khok ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရာ အရိုးကျိုးသည့် ဒဏ်ရာများ မတွေ့ရသော်လည်း ဦးခေါင်းဒဏ်ရာ ဖြစ်နိုင်ခြေ စိုးရိမ်ရသဖြင့် ပိုမို အသေးစိတ် စစ်ဆေးနိုင်ရန် အခြားဆေးရုံသို့ ဆက်လက် လွှဲပြောင်းထားသည်။
၎င်းတို့နှစ်ဦးသည် လာမည့် ဩဂုတ် ၂၁ ရက် သောကြာနေ့၌ Lumpinee Boxing Stadium တွင် ကျင်းပမည်ဖြစ်သော The Inner Circle 27 ပြိုင်ပွဲ၏ Flyweight Muay Thai ပွဲစဉ်အဖြစ် ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ပွဲမတိုင်မီ ရက်ပိုင်းအလို၌ အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပွဲပျက်နိုင်ခြေ မြင့်တက်နေသော်လည်း လက်ရှိအချိန်အထိ တရားဝင် ဖျက်သိမ်းကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဆေးစစ်ချက် ရလဒ်ပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။


