ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့သည့် နေရာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတို့မှ တပ်ဖွဲ့ဝင်များက ရေအောက်ချထားသည့် Geo bag များပေါ်သို့ သဲအိတ်များဖို့ခြင်း၊ Sheet pile များ၏ နောက်ဘက်၌ သဲအိတ်များ ဖို့ခြင်းနှင့် ဖြည့်ခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မီးသတ်တပ်ဖွဲ့ဝင်များသည် ရေရှောင်စခန်းများနှင့် ရေဝင်ရောက်သည့် ကျေးရွာများသို့ စားရေရိက္ခာနှင့် သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များအား လိုအပ်သည့်နေရာများသို့ ပို့ဆောင်ပေးခြင်းအပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေးကိစ္စ သွားလာမှုများကိုပါ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


