ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ နာနတ်သီးစိုက်တောင်သူများ ဈေးမရသဖြင် အရှုံးပေါ်နေသည်ဟု ဒေသခံများက ပြောသည်။ နမ့်စန်မြို့နယ်မှ ထွက်ရှိသည့် နာနတ်သီးများကို ရောင်းချရာတွင် ခြံအရောက်ဝယ်ပါက ကျပ် ၁၀၀ မှ ကျပ် ၃၀၀ သာရသဖြင့် အရင်းပင် ပြန်မရသည့်အခြေအနေဖြစ်နေသည်ဟု ကျီးအစ်နှင့် တွံတွီးကျေးရွာမှ နာနတ်စိုက်တောင်သူများက ပြောသည်။လက်ရှိတွင် ဒေသခံတောင်သူများမှာ ကိုယ်တိုင် လမ်းဘေးတွင် တဲထိုးကာ နာနတ်သီးကို ရောင်းနေရပြီး တစ်ခုံး ၃၀၀ မှ ၅၀၀ ကျပ် စသည်ဖြင့် ရောင်းချနေကြရသည်။အချို့တွင်မူ ပွဲစားများက ခြံအထိ လာရောက်ဝယ်ယူပြီး နယ်ဝေးသို့ ပို့ဆောင်ကာ ရောင်းချသည်များလည်းရှိသည်ခြံအရောက်ဝယ်ယူရာတွင် နာနတ်သီးဈေးပေါသော်လည်း ဆီဖိုး နှင့် ဂိတ်ကြေးများပြားခြင်းကြောင့် ရှမ်းပြည်အတွင်းရှိ တောင်ကြီး၊ ကလော မြို့များတွင်မူ နာနတ်သီး အကြီးတစ်လုံးကို ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ပေးဝယ်စားရသည်။နာနတ်သီး စတင်ထွက်ရှိသည့် ဇူလိုင်လအစတွင် တစ်လုံး ၁၅၀၀ ကျပ်အထိ ဈေးရရှိသေးသော်လည်း လက်ရှိနာနတ်သီး အထွက်များလာသည့်အချိန်တွင်မူ နာနတ်သီး တစ်လုံးကို ၃၀၀ ကျပ်သာ ရရှိတော့ခြင်းဖြစ်သည်ဟု ကျီးအစ်ဒေသခံတစ်ဦးက ပြောသည်။



