အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်နဲ့ ဆူနာမီ အန္တရာယ် အလွန်မြင့်မားတဲ့ နိုင်ငံတခု ဖြစ်ပြီး၁၅.၈.၂၀၂၆ရဲ့
စနေနေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပင်လယ်ပြင်မှာ ပြင်းအား ၇.၇ ပမာဏရှိတဲ့ အလွန်အားပြင်း ငလျင်ကြီးတခု လှုပ်ခတ်သွားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် အချို့ဒေသတွေမှာ အမြင့် ၁ မီတာအောက် ဆူနာမီလှိုင်းတိုအချို့ ရောက်ရှိခဲ့တယ်လို့ အင်ဒိုနီးရှား ဇလဗေဒနှင့် ရူပဗေဒ အေဂျင်စီ (BMKG) က ပြောထားပါတယ်။ငလျင်လှုပ်ပြီးချိန်မှာ ဒေသခံတွေဟာ နေအိမ်တွေကနေ ဘေးကင်းရာကို ထွက်ပြေးခဲ့ကြရပါတယ်။ အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဒိုဒီ ယူလီယိုဗာရဲ့ အဆိုအရ နာဂေးကီယို (Nagekeo) နဲ့ ဘီမာ (Bima) အပါအဝင် ဒေသအတော်များများမှာ ၁ မိနစ်နီးပါးအထိ ပြင်းထန်တဲ့ တုန်ခါမှုတွေကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ ပဏာမ အစီရင်ခံစာတွေအရ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု ရလဒ်တော့ မရှိသေးပါဘူး။
BMKG ရဲ့ ထုတ်ပြန်ချက်အရ ပထမအကြိမ် ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၄ နာရီ ၅၈ မိနစ်မှာ စတင်လှုပ်ခတ်ခဲ့တာပါ။ ငလျင်ဟာ အနက် ၁၅ ကီလိုမီတာခန့်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာလည်း နောက်ဆက်တွဲ ငလျင် တွေ ဆက်တိုက် လှုပ်ခတ်ခဲ့ပါတယ်။ဆူနာမီဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်ကြောင့် ငလျင်လှုပ်ပြီးပြီးချင်း သတိပေးချက် ထုတ်ပြန်ခဲ့ရတာပါ။ ဒေသအသီးသီးမှာ အမြင့် ၁ မီတာအောက် ဆူနာမီလှိုင်းတိုလေးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ BMKG က အတည်ပြုထားပါတယ်။တစ်ချိန်တည်းမှာပဲ သြစတြေးလျ ဆူနာမီသတိပေးရေး စင်တာကတော့ ဒီငလျင်ကြောင့် သြစတြေးလျ ကုန်းဘက်ပိုင်း၊ ကျွန်းစုတွေနဲ့ အခြားပိုင်နက် နယ်မြေတွေဆီ ဆူနာမီ အန္တရာယ်ကျရောက်စရာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။



