မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်း ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဝင်ရောက်နေသည့် စိတ္တရ၊ မြောက်ကိုင်း၊ အင်းယား၊ မြောက်မြေနှင့် ဆယ်နှစ်ကိုင်း ကျေးရွာတို့မှ ရေဘေးသင့် ပြည်သူ ၂၂၀ ခန့်နှင့် အရေးပေါ် ဆေးကုသရန် လိုအပ်သည့် လူနာများကို ဩဂုတ် ၁၂ ရက်တွင် ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ထံမှ သိရသည်။အဆိုပါ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (စဉ့်ကိုင်မြို့နယ်) နှင့်အတူ ပန်းဆက်၊ ချမ်းသာသုခ၊ ဌာနီ/ရှေ့ စသည့် ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်း၍ Speed Boat များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
ယခု ကယ်ဆယ်ရေး လုပ်ငန်းများအတွက် စက်သုံးဆီအပါအဝင် ကုန်ကျစရိတ် ငွေကျပ် သိန်း ၂၀ ခန့် ရှိခဲ့ပြီး အများပြည်သူ၏ လှူဒါန်းငွေများဖြင့် ပြန်လည်ကူညီပေးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ တိုင်းကော်မတီ နာယက ဦးအောင်ကိုကိုဌေး (ခ) ဦးပေါက်က ပြောကြားခဲ့သည်။


