ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး ပြင်းထန်သော တောင်ကျရေများ ကျဆင်းလာမှုကြောင့် မယ်ဆိုင်ချောင်း မြစ်ဖျားခံရာ မိုင်းတွမ်းဒေသတွင် နေအိမ်များနှင့် မိုင်းဆတ်-တာချီလိတ် သွားကားလမ်းမကြီးပါ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း ဩဂုတ်လ ၁၂ ရက်တွင် ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ တစ်ခါမျှ မကြုံဖူးသည့် သစ်လုံး၊ ထင်းတုံးများနှင့်အတူ လှိုင်းရိုက်ခတ်သည့်အထိ ရေလုံးကြီးစွာ ကျဆင်းလာခြင်းဖြစ်ပြီး၊ ယနေ့တွင် ရေအနည်းငယ် ပြန်ကျသော်လည်း မိုးထပ်ရွာပါက စံချိန်တင် ရေကြီးပြီး ပျက်စီးမှု ပိုများမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ မိုင်းတွမ်းတောင်ပေါ် ရေကြီးမှုကြောင့် မယ်ဆိုင်ချောင်းနှင့် နမ့်ခုတ်ချောင်းအတွင်း ရေစီးဝင်ကာ တာချီလိတ်နှင့် မိုင်းဆတ်ဘက်တို့တွင် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားနိုင်သဖြင့် အထူးသတိပြုရန် လိုအပ်နေပြီး၊ လက်ရှိတွင် ဝမ်ဟုတ်နှင့် နမ့်ယွန်းကျေးရွာဘက်တို့၌လည်း တောင်ပြိုခြင်းနှင့် လမ်းပျက်စီးခြင်းများ ဖြစ်ပေါ်နေသည်။ မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ယနေ့ခန့်မှန်းချက်အရ တောင်တရုတ်ပင်လယ် မုန်တိုင်းအကြွင်းအကျန် လှိုင်းများကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ဒေသကွက်ကျား မိုးကြီးနိုင်သည့် မုတ်သုံလေနိမ့်လှိုင်းများ ရောက်ရှိလာနိုင်သဖြင့် ရာသီဥတုအခြေအနေကို ဆက်လက်စောင့်ကြည့်ရန် အသိပေးထားကြောင်း သိရသည်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းတွမ်းတွင် တောင်ကျရေကြောင့် လမ်းနှင့် နေအိမ်များ ရေလွှမ်းပြီး တာချီလိတ်နှင့် မိုင်းဆတ်ဘက်တွင်ပါ ရေကြီးနိုင်၍ သတိပြုရန်လိုအပ်
Aug 12 • 2:02 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


