ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းအား ကောလိပ်အဆင့်သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၏ သင်ကြားသင်ယူရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောလိပ်အဆင့် မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် အကြိုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားခဲ့သည်။ ထို့ပြင် သာယာဝတီ၊ ထားဝယ်နှင့် ကျောက်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လူသားအရင်းအမြစ်များဖြစ်အောင် ကြိုးပမ်းကြရန်နှင့် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။


