မြန်မာနိုင်ငံတွင် လာမည့် ဩဂုတ်လ ၁၂-၁၃ ရက်ဝန်းကျင်၌ နေကြတ်ခြင်းနှင့် ကြယ်မိုးရွာခြင်း (ကြယ်ကြွေခြင်း) ဖြစ်စဉ်နှစ်ခု ထူးခြားတိုက်ဆိုင်စွာ ကြုံတွေ့ရန်ရှိကြောင်း အာကာသနှင့် စကြဝဠာဆိုင်ရာ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရသည်။ ဩဂုတ်လ ၁၃ ရက် (လကွယ်နေ့) တွင် ဖြစ်ပေါ်မည့် နေကြတ်ခြင်းဖြစ်စဉ်ကို ဂရင်းလန်နှင့် ဥရောပအနောက်ခြမ်းတို့တွင် မြင်တွေ့ရမည်ဖြစ်သော်လည်း၊ မြန်မာနိုင်ငံတွင်မူ ဩဂုတ်လ ၁၂ ရက် ညသန်းခေါင်ယံအချိန်နှင့် တိုက်ဆိုင်နေသဖြင့် မြင်တွေ့ရမည်မဟုတ်ပေ။ သို့သော် အဆိုပါနေ့၌ပင် Perseus (ကျီးတာရာ) မှ ကြယ်မိုးရွာခြင်းဖြစ်စဉ် ထူးခြားစွာဖြစ်ပေါ်မည်ဖြစ်ရာ မိုးသားတိမ်တိုက်များ ကင်းစင်ပါက တစ်နာရီလျှင် ကြယ်အလုံး ၁၅၀ ခန့်အထိ အများဆုံး မြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။


