စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)တွင် လာမည့်ပညာသင်နှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ ၄၀၀ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းတွင် ကျောင်းသား ကျောင်းသူ ၁၈၃ ဦး တက်ရောက်သင်ယူလျက်ရှိပြီး လာမည့်နှစ်တွင် ကျောင်းသားကျောင်းသူ တိုးမြှင့်လက်ခံမည်ဖြစ်ကြောင်း သိရသည်။အဆိုပါစိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)ကို လယ်ယာကဏ္ဍ အဓိကလုပ်ကိုင်လျက်ရှိသော ဒေသဖြစ်သည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန်ရည်ရွယ်၍ အသစ်တိုးချဲ့ဖွဲ့စည်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို စတင်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။တက္ကသိုလ်တွင် အဆောက်အအုံများ အသစ်တည်ဆောက်ခြင်းနှင့် သင်ကြားရေးလုပ်ငန်းများ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းစီမံခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



