ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လီသွန်ကျေးရွာမှ ကဇူကိုင်း-အမ်း သွားသည့် ကားလမ်းပေါ်တွင် လမ်းအောက်ခြေ မြေတိုက်စား၍ ဂလိုဏ်ခံနေခြင်း၊ မြေခွက်ဖြစ်ပေါ်ခြင်းနှင့် တောင်ပြိုမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ ကွန်ကရစ် ကားလမ်းအောက်ခြေ မြေသားများ ပျော့ဆင်းပြိုကျနေသဖြင့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ အန္တရာယ်ဖြစ်နိုင်သောကြောင့် သတိထား မောင်းနှင်ကြရန် ဒေသခံများက အသိပေးထားသည်။ လက်ရှိတွင် ကားလမ်းပေါ်၌ ရေကျော်လွန် စီးဆင်းနေသည့်အပြင် လမ်းဘေး တောင်ကမ်းပါးရံများပါ ပြိုကျနေသဖြင့် သွားလာရေးအတွက် အထူးသတိပြုရန် လိုအပ်လျက်ရှိကြောင်း သိရသည်။


