ရန်ကုန်မြို့ရှိ ညပိုင်း မီးပွိုင့် လမ်းဆုံများတွင် ကားများကြား တိုးဝှေ့၍ ပန်းရောင်းခြင်းနှင့် တောင်းရမ်းခြင်းများ ပြုလုပ်နေသည့် ကလေးငယ်များ၏ အပြုအမူများနှင့် စည်းကမ်းမဲ့မှုများကြောင့် ညဘက် လမ်းခရီး သွားလာနေသည့် ယာဉ်မောင်းများအကြား စိတ်အနှောင့်အယှက် ဖြစ်ရုံတင်မကဘဲ ယာဉ်အန္တရာယ်ဖြစ်မည်ကို ပါ စိုးရိမ်နေကြကြောင်း သိရသည်။အဆိုပါ ကလေးငယ်အများစုမှာ မိဘများ၏ တွန်းအားပေး ခိုင်းစေမှုကြောင့် ညဘက်အထိ ပန်းရောင်းခြင်း၊ တောင်းရမ်းခြင်းများ ပြုလုပ်နေကြရခြင်း ဖြစ်သည်။ ပိုက်ဆံ မရပါက ကားတံခါး ဆွဲခြင်း၊ ကားမှန် ထုခြင်း၊ ကားကိုယ်ထည်ကို ခြစ်သွားခြင်းနှင့် မီးစိမ်းသွားသော်လည်း ကားရှေ့မှ မဖယ်ပေးဘဲ ဂျီကျခြင်းစသည့် ရိုင်းစိုင်းသည့် အပြုအမူများကိုပါ ပြုလုပ်လာကြသည်။ထို့ပြင် ကလေးငယ်များသည် ယာဉ်ကြော စည်းကမ်း မသိသဖြင့် မီးစိမ်းနေချိန် ကားများ အရှိန်ဖြင့် မောင်းနှင်နေစဉ် လမ်းလယ်သို့ ရုတ်တရက် ပြေးဝင်လာခြင်းများ ပြုလုပ်လေ့ရှိရာ အထူးသဖြင့် မိုးရွာသည့် ညအချိန်များတွင် အမြင်အာရုံ အကန့်အသတ်ရှိပြီး ဘရိတ်အကွာအဝေး အခက်အခဲများကြောင့် ကြီးမားသည့် ယာဉ်တိုက်မှုများ ဖြစ်ပွားသွားနိုင်သည့် အန္တရာယ် ရှိနေသည်။သို့ဖြစ်ပါ၍ ယာဉ်အန္တရာယ် ကင်းဝေးစေရန်နှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်နိုင်ရန်အတွက် နောက်ကွယ်မှ ခိုင်းစေနေသည့် မိဘများကို ထိရောက်စွာ အရေးယူခြင်း အပါအဝင် လမ်းဘေး တောင်းရမ်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ တားဆီး ထိန်းချုပ်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၌ ညပိုင်း မီးပွိုင့်များတွင် ကားများကြား တိုးဝှေ့ တောင်းရမ်းနေသည့် ကလေးများကြောင့် ယာဉ်အန္တရာယ် စိုးရိမ်နေရ
Aug 06 • 4:39 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 34 | 0 | 0 | 0 |


