ကျောက်ခေတ်၊ပျူခေတ်အပါအဝင် ခေတ်(၇)ခုမှရှေးဟောင်းပစ္စည်းတစ်ထောင်ကျော်အပ်နှံသူ(၆)ဦးကို သိန်းတစ်ထောင်ကျော်ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်လက်ရာတွေဖြစ်တဲ့ ရွှေပန်းကနုတ် အပိုင်းအစ၊ ငွေဒင်္ဂါး၊ ကျောက်ကွင်း၊ ကျောက်ပုတီးစေ့၊ ကြေးအလေး၊ ကြေးခလောက်၊ ကြေးသတ္တုစပ်ပြား၊ မြေထည်ပစ္စည်းများ စတဲ့ ရှေးဟောင်းဝတ္ထုပစ္စည်းအရေအတွက် စုစုပေါင်း ၁၁၇၃ ခုကို အပ်နှံခဲ့ခြင်းအတွက် အပ်နှံပေးသူများကို ဆုကြေးချီးမြှင့်ငွေကျပ် ၁၀၄၉ သိန်းကျော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။နေပြည်တော် ပျဉ်းမနားမြို့နယ် ပန်းခင်း(၃)လမ်းနေ ဦးဝင်းကိုကို၊ နေပြည်တော်ပျဉ်းမနားမြို့နယ် သဲကျွန်းကျေးရွာမှ ဦးမောင်မောင်ဆွေ၊ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောက်တိုင်ကျေးရွာမှ ဦးရဲရင့်ဇော်၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာမှ ဦးဝင်းမင်းထွန်း၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာမှ ဦးစိုးမင်း၊ မွန်ပြည်နယ်ရေးမြို့နယ် ခေါဇာမြို့ ရာဇာဓိရာဇ်လမ်းနေ ဦးဉာဏ်လင်းထက်တို့က ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခဲ့တဲ့အတွက် ဆုကြေးငွေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမမှာ ကျင်းပခဲ့ပါတယ်။



