ဖီဖာရဲ့ လက်ရှိဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုအပေါ် ဝေဖန်မှုတွေ ဆက်လက်မြင့်တက်နေချိန်မှာပဲ လာမယ့်၂၀၂၇ ခုနှစ် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲအတွက် အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေထဲမှာ အမျိုးသမီးတစ်ဦး ပါဝင်လာပါတယ်။ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရ ဖီဖာဥက္ကဋ္ဌသစ်အဖြစ် အလားအလာရှိသူတွေမှာ ကွန်ကာကက်ဖ် (CONCACAF) ဥက္ကဋ္ဌ ဗစ်တာ မွန်တာဂလီယာနီ၊ ယူအီးအက်ဖ်အေ (UEFA) ဥက္ကဋ္ဌ အလက်ဇန်ဒါး ဆက်ဖာရင်၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌ ရှိတ ဆယ်လ်မန်ဘင်၊ ပဲရစ် စိန့်ဂျာမိန်း (PSG) ဥက္ကဋ္ဌ နာဆာအယ်လ်ခလိုင်ဖီ နဲ့ နော်ဝေဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လီဆဲ ကလားဗင်နက်စ် တို့ဖြစ်ကြောင်း သိရပါတယ်။နော်ဝေဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လီဆဲ ကလားဗင်နက်စ်ဟာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဟာ နိုင်ငံတကာဘောလုံးလောကမှာ အမျိုးသမီးတွေရဲ့ကိုယ်စားပြုမှု၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာ ပြတ်သားစွာ ရပ်တည်ပြောဆိုလေ့ရှိသူအဖြစ် လူသိများပါတယ်။သူမသာ ဖီဖာဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပါက ဖီဖာ့သမိုင်းမှာ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌ ဖြစ်လာမှာဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်မှုသမိုင်းအတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။အခုနာမည်စာရင်း ထွက်ပေါ်လာသူ တစ်ဦးတစ်ယောက်ကမှ ဥက္ကဋ္ဌအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း တရားဝင်ကြေညာထားတာ မရှိသေးတာလည်းဖြစ်ပါတယ်။



