မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံတကာအဆင့်မီ မြှင့်တင်ရန်နှင့် ခရီးသွားဧည့်သည်များ ပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ "Tastes of the Golden Land 2026" မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့် ပြပွဲကို ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) ၌ ကျင်းပလျက်ရှိသည်။အဆိုပါ ပွဲဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ယခုပြပွဲကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ အစားအသောက် ချက်ပြုတ်ပြိုင်ပွဲများ၊ ဟောပြောပွဲများအပြင် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းခွဲများ၏ ပြခန်းများအပါအဝင် စာသောက်ဆိုင်နှင့် ရိုးရာကုန်စည် ဆိုင်ခန်းပေါင်း ၁၂၀ ကျော် ပါဝင်ပြသ ရောင်းချလျက်ရှိကြောင်း သိရသည်။


